ဖားကန့်မြို့နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) ထိန်းချုပ်နယ်မြေအတွင်း ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၈ နာရီခွဲခန့်တွင် KIO အထိမ်းအမှတ်နေ့ ပွဲကျင်းပနေစဉ် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဂျက်လေယာဉ် သုံးစင်းဖြင့် အလစ်ဝင်ရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကချင်အနုပညာရှင် ၄ ဦးထက်မနည်းနဲ့ အရပ်သားအများအပြား သေဆုံးထိခိုက်ခဲ့ရပါတယ်။
KIA တပ်မဟာ (၉) နယ်မြေ အနန့်ပါကွင်းပြင်တွင် တေးဂီတပွဲ ပြုလုပ်နေစဉ် ဖျော်ဖြေရေးကွင်းတွင်း ဗုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်သေဆုံးမှု များပြားခဲ့ရခြင်းဖြစ်ကြောင်း မြေပြင်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
အဆိုပါဗုံးကြဲတိုက်ခိုက်ခြင်းခံရတာကြောင့် KIA အရာရှိ၊ တပ်သားများအပါအဝင် နာမည်ကြီး တေးသံရှင် အော်ရာလီ၊ ဂလောင်းယော်လွင်၊ တီးခတ်ပညာရှင် ကိုကင်းနဲ့ အရပ်သားအများပြား သေဆုံးခဲ့ရကာ ကချင် ဝါရင့်အနုပညာရှင်ကြီး သရုပ်ဆောင် ဒါရိုက်တာ လထော်ဇော်ဒိန် သေဆုံးကြောင်း သတင်းထွက်ပေါ်နေမှုကိုတော့ သီးခြားအတည်မပြုနိုင်သေးကာ ထိခိုက်ဒဏ်ရာရရှိသူလည်း များပြားကြောင်း သိရပါတယ်။
အောက်တိုဘာလ ၂၅ ရက်နေ့ တွင်ကျရောက်မည့် (၆၂) နှစ်ပြည့် KIO နေ့ အထိမ်းအမှတ်အတွက် ပွဲကြိုကျင်းပနေခြင်းဖြစ်ပြီး ယခုလိုဖြစ်ရပ် ယခင်တုန်းက မရှိခဲ့ဘူးကာ လူမဆန်တဲ့ လုပ်ရပ်သာ ဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။
ယခုဖြစ်ရပ်အတွက် ကေအိုင်အိုအနေဖြင့် သတင်းတစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးသလို ထိခိုက် သေဆုံးမှု စာရင်းအသေးစိတ်သိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။