မိုးမောက်မြို့နယ် မံပုံကျေးရွာတွင် ဖေဖောဝါရီလ ၁၈ ရက်နေ့ ညနေ ၁၀ နာရီခန့်က အကြမ်းဖက် စစ်ကောင်စီတပ်စခန်းအရှေ့ကနေ ဆိုင်ကယ်ဖြင့် ဖြတ်သန်းလာတဲ့ ဒေသခံပြည်သူ နှစ်ဦးကို ခမရ ၄၃၇ မှ ပစ်ခတ်သတ်ဖြတ်လိုက်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခြင်းခံလိုက်ရသူကတော့ ကရိန်ထိန်နန်နဲ့ လဖိုင် လပါ နှစ်ဦးဖြစ်ကာ ညနေပိုင်းဖြတ်သန်းသွားစဉ် တပ်စခန်းအရှေ့အရောက် ရပ်သန့်ခိုင်းကာ နဖူးသေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။
“စစ်ကောင်စီတပ်တွေ ပြည်သူတွေရှိတဲ့နေရာဘက်မှာ တိုက်ပွဲဖော်ဆောင်နေတဲ့အပြင် အပြစ်မရှိပြည်သူများကို လက်နက်များဖြင့် ရမ်းသမ်းပစ်ခတ်တာတွေလည်း ပြုလုပ်နေတော့ လုံခြုံမှု တော်တော်ကင်းမဲ့နေတဲ့ အခြေအနေပါ၊ သတိကြီးစွာ သွားလာနေရပါတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားသူနှစ်ဦးကို မိုးမောက် ဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးကာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညနေ ၁ နာရီခန့်တွင် နာရေးပြုလုပ်ခဲ့ပါတယ်။ အဆိုပါညတွင် အကြမ်းဖက် စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူ ၄ ဦးကိုလည်း ဖမ်းဆီးထားမှု ရှိကြောင်း သိရပါတယ်။
နိုင်ငံရေးရှုပ်ထွေးမှုဖြစ်ပေါ်နေစဉ် အကြမ်းဖက် စစ်ကောင်စီတပ်က တွေ့သမျှပြည်သူများကို အပြစ်ရှာ ဖမ်းဆီး၊ သတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်ဆောင်လာတာကြောင့် မိုးမောက် မံပုံကျေးရွာအတွင်း ညအချိန်များတွင် သွားလာမှုမရှိသလောက် ရှိနေကြောင်း သိရပါတယ်။
မိုးမောက်မြို့နယ် ဝဝမ်ကျေးရွာတွင် ဖေဖောဝါရီ ၁၇ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကာ ဒေသခံပြည်သူတစ်ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့မှု ရှိခဲ့ပါတယ်။