ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) တပ်ရင်း (၁၀) နယ်မြေဖြစ်တဲ့ မလိယန်ကျေးရွာအနီး ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက် ၁၁ နာရီခန့်တွင် စစ်ရေးလှုပ်ရှားလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၁၃၈) မှအင်အား ၁၂ ဦးပါတဲ့ လှုပ်ရှားအဖွဲ့က ဆွမ်ပရာဘွမ်ဘက် စားနပ်ရိက္ခာ သွားရောက်ရယူဖို့ ထွက်ခွာလာစဉ် လမ်းခုလပ်တွင် ကေအိုင်အေတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အဆိုပါစစ်ကြောင်းမှ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
၁၂ ဦးပါ အဆိုပါအဖွဲ့မှ ၃ ဦးသေဆုံးသွားခဲ့ကာ အချို့ကတော့ ဒဏ်ရာရရှိခဲ့ကြကြောင်း တိကျခိုင်လုံတဲ့ ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးဒေသ ဆပ်ခူးချောင်းအနီး ရှောင်ဖောင်ကျေးရွာဟောင်းတွင် ယနေ့ နေ့လည် ၁ နာရီကျော်ခန့်တွင် ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၃၆)နဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ခလရ (၂၈၇)နဲ့ ခမရ (၄၂၀) ပူးပေါင်းတပ်မှ အင်အား ၁၅၀ ပါ စစ်ကြောင်းက ကေအိုင်အေ နယ်မြေဘက် စစ်ရေးလှုပ်ရှားလာပြီး တပ်စွဲနေရာယူ ထိုးစစ်ဆင်လာခြင်းကြောင့် ကေအိုင်အေတပ်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး မုံးကိုးဗျူဟာကုန်းဘက်မှလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ရှိခဲ့ကြောင်း သိရပါတယ်။