အကြမ်းဖက် စစ်ကောင်စီတပ်မှ မသန်စွမ်းတစ်ဦးကို သတ်ဖြတ် အလောင်းဖျောက်

ဖားကန့်လမ်း ဆိုင်းဖရာကျေးရွာအနောက်ဘက် မာနော့မှော်ကျေးရွာတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က ဒေသခံပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး အလောင်းဖျောက် မြုပ်နှံခဲ့တဲ့ အလောင်းကို ဒေသခံများက ဖေဖော်ဝါရီ ၁၀ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်တွေ သတ်ဖြတ်ပြီး မြုပ်နှံထားခြင်းခံထားရသူကတော့ ဆိုင်းဖရာကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ဆင်ဆာဆိုင်း ဖြစ်ကာ ဖေဖော်ဝါရီ ၄ ရက်နေ့ မာနော့မှော်အနီး တိုက်ပွဲဖြစ်ပွားချိန် နေအိမ်ဘက် ပြန်လည်ရောက်လာခြင်းမရှိပဲ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ အာဆင် က ခြေမသန်စွမ်းသူတစ်ဦးဖြစ်ကာ မာနော့မှော်အနောက်ဘက် နန့်ယားချောင်းအနီး စိုက်ခင်းလုပ်ကိုင်နေတာကြောင့် လုပ်ငန်းသွားရောက်လုပ်ဆောင်စဉ် တိုက်ပွဲဖြစ်ပွားလာခြင်းကြောင့် နေအိမ်ဘက် ထွက်ပြေးတိမ်းရှောင်လာစဉ် လမ်းခုလတ်တွင် သတ်ဖြတ်ခြင်းခံလိုက်ရတာဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

“မာနော့မှော်ဘက်မှာဖြစ်ခဲ့တာ၊ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့အချိန် အားလုံးက တကွဲတပြားထွက်ပြေးနေတာ အဲ့ချိန်သူက ဗမာစစ်တပ်တွေ ရှိတဲ့ဘက် ထွက်ပြေးသွားမိလို့ သတ်ဖြတ်ခြင်းခံလိုက်ရပုံရတယ်၊ သူပြန်မပေါ်လာတော့ အိမ်သူအိမ်သားတွေ၊ ဒေသခံတွေ လိုက်ရှာတော့ မြေကြီးပုံဖြစ်နေတဲ့နေရာတွေကို လိုက်ကြည့်ပြီး သူ့ဖိနပ်တွေ့ရတဲ့ ချောင်းအနီးမှာ မြုပ်နှံထားတာကို သွားတွေ့ရတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဦးခေါင်းတွင် သေနတ်ပစ်ခတ်ဒဏ်ရာနဲ့ သတ်ဖြတ် မြုပ်နှံထားတဲ့ အလောင်းကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဘာသာရေးခေါင်းဆောင်း၊ ဒေသခံပြည်သူများ၊ မိသားစုများ သွားရောက် ထုတ်ယူကာ ကောင်းမွန်စွာပြန်လည် သင်္ဂြို မြုပ်နှံခဲ့ကြောင်း သိရပါတယ်။

Leave a Reply

*