ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-state) မုံးပေါ်ဒေသတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံပြည်သူများက ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။
ဇန်နဝါရီ ၂၄ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲခန့် ဟူကျီကျေးရွာအထက်ဘက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားလာခြင်းကြောင့် ဒေသခံပြည်သူ ၁၂၈ ဦးက စိုးရိမ်ဖွယ်ဖြစ်လာခြင်းကြောင့် မုံးပေါ် ကက်သလစ်ဘုရားကျောင်းဘက် တိမ်းရှောင်ခဲ့ကြပါတယ်။
တိုက်ပွဲဖြစ်ပွားမှုအပြီး အကြမ်းဖက် စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်သော့များကို ဖျက်ဆီးပြီး နေအိမ်အတွင်း ဝင်ရောက်ရှာဖွေကာ တန်ဖိုးရှိပစ္စည်းများ ခိုးယူသွားခဲ့ကြောင်း ဒေသခံများကပြောဆိုကြပါတယ်။
“တိုက်ပွဲပြီးတော့ စစ်ကောင်စီတပ်တွေက ကျေးရွာဘက် ဝင်လာပြီးတော့ နေအိမ်သော့တွေ ဖျက်ဆီးလိုက်တယ်၊ ရိုးရာဓားလွယ်အိတ်တွေနဲ့ အခြားတန်ဖိုးကြီး ပစ္စည်းတွေလည်း တော်တော်များများခိုးယူသွားတယ်၊ မွေးထားတဲ့ ဝက် ၃ ကောင်လောက်ကိုလည်း သတ်စားသွားတယ်” လို့ စစ်ဘေးရှောင်ပြည်သူတစ်ဦးကပြောပါတယ်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ်က ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဒေသခံ ၄ ဦးကိုလည်း သံသယမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ စစ်ဆေးမေးမြန်းမှုအပြီး ပြန်လည်လွတ်ပေးခဲ့ကြောင်းလည်း သိရပါတယ်။