အကြမ်းဖက် စစ်ကောင်စီတပ် နားနေစဉ် ကေအိုင်အေ အလစ်ဝင်ရောက်တိုက်ခိုက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ နန့်မာဇွပ်ကျေးရွာတွင် ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့က အဆိုပါနေရာဘက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း ၂၇ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၂၂၃) တပ်က အင်အား ၁၀၀ ဝန်းကျင်ဖြင့် ဂေါ့ငူယန်ကျေးရွာကနေ ဘန်ဂေါကျေးရွာဘက် ထိုးစစ်ဆင် စစ်ကြောင်းပြုလုပ်လာစဉ် နန့်မာဇွပ်တွင် နားနေစဉ် ကေအိုင်အေတပ်မှ အလစ် ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ကေအိုင်အေ တပ်မဟာ (၈) ဒေသ မိုးတားကြီးကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီ ၁၈ ရက်နေ့ ညနေပိုင်း ၂ နာရီခွဲခန့်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် သုံးကြိမ်တိုက် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း ၄၄ နယ်မြေ မာရောင်ဘွမ်တွင်လည်း ယမန်နေ့ ညနေ ၈ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၃၈၃နဲ့ ၃၈၄ တပ်မှ ၈၀-မမ လို့ ခန့်မှန်းရတဲ့ လက်နက်ကြီးဖြင့် ၁၅ ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ကာ လက်နက်ငယ်များဖြင့် အကြမ် ၁၀၀ ထပ်မနည်း ပစ်ခတ်မှုတွေ ပြုလုပ်နေခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေမြဲဖြစ်တာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA , ကိုးကန့်တပ်မတော် (MNDAA) တို့နဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုတွေက နေ့စဉ်နေ့တိုင်းလိုလို ရှိနေတာကြောင့် စစ်ဘေးရှောင်ပြည်သူများကလည်း တိုးများလာဖို့ ရှိနေပါသေးတယ်။

Leave a Reply

*