ဇန်နဝါရီ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။
ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ယနေ့ ဇန်နဝါရီ ၂၆ ရက် မနက် ၄ နာရီခွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၉ တပ်ရင်း ၂၆ နဲ့ KPDF ပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တို့ တပ်စွဲနေရာယူနေတဲ့ တပ်စခန်းကို KIA, KPDF ပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်အချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့သလို တပ်စခန်း နှစ်ခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
နေ့လည် ၁၁ နာရီခန့်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် ဆယ်ဇင်းကျေးရွာအနီးတဝိုက် ဗုံး ၂ လုံး ကြဲချမှု ရှိခဲ့ပါတယ်။
ယနေ့ မနက် ၆ နာရီခွဲတွင်လည်း ကေအိုင်အေတပ်ရင်း ၄၄ နယ်မြေ နမ့်ရှန်တောင်တွင် တပ်စွဲနေရာယူနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၁၂ တပ်စခန်းကို ကေအိုင်အေတပ်မှ လက်နက်ကြီးများဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့အပြီး ကားမိုင်းဗျူဟာကုန်းမှ စကစတပ်က အနီးဝန်းကျင်ဘက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။
ဇန်နဝါရီ ၂၅ ရက် ညနေ ၈ နာရီခွဲအချိန်မှာတော့ ကေအိုင်အေတပ်ရင်း ၆ မှ လုံးခင်းကျေးရွာအုပ်စု မှော်စီဇာရှိ ဆက်သွယ်ရေးတာဝါတိုင်အနီးရှိ ရဲတပ်စခန်းကို ကေအိုင်အေပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်ကာ ရဲစခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။
၂၀၂၃ ခုနှစ်စပိုင်းက စတင်ပြီး ကချင်ပြည်နယ်နဲ့ စစ်ကိုင်းအစပ်များတွင် KIA, KPDF ပူးပေါင်းတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေ ခပ်စိတ်စိတ်ရှိလာပြီး စကစတပ်မှ ထိုးစစ်ဆင်မှုတွေလည်း ရှိနေတာကြောင့် နှစ်ဖက်ကြား ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လက်ရှိလာနိုင်ကြောင်း သုံးသပ်သူများက ပြောဆိုနေကြပါတယ်။