အကြမ်းဖက် စစ်ကောင်စီတပ်နဲ့  ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ကို KIA ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်

ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။

တနိုင်းမြို့နယ်၊ လီဒိုလမ်းမအနီးရှိကျေးရွာဖြစ်တဲ့ နမ်ဖျက်နဲ့ နောင်လုံကောင်ရာကျေးရွာ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့ မနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၂ တပ်ရင်း ၄၃ မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ရှာဒူဇွပ်တွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၂၉၇ နဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ယာဉ်များအသုံးပြုကာ စစ်အင်အား၊ လက်နက်ခဲယမ်းများဖြင့် လီဒိုလမ်းတစ်လျှောက် သွားလာလှုပ်ရှားနေစဉ် KIA တပ်မှ ၂ နေရာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်အရ သိရပါတယ်။

အဆိုပါ ကေအိုင်အေတပ်ဖွဲ့ရဲ့ မိုင်းဆွဲတိုက်ခိုက်ခြင်းခံရတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့မှ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့ပြီး အနီးဝန်းကျင်ဘက် ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေကာ တိကျစာရင်းကိုတော့ မသိရှိရသေးပေ။

ယနေ့ နေ့လည် ၁ နာရီခန့်တွင်လည်း တံတားဦးလေတပ်စခန်းကနေ အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ကေအိုင်အေဌာနချုပ်နယ်မြေ ဆိုင်းမိုင်ကွင်းဘက် ဗုံးကြဲတိုက်ခိုက်လုပ်ဆောင်နေခဲ့ကြောင်း လည်း သိရပါတယ်။

ယမန်နေ့တွင် ကေအိုင်အေတပ်မဟာ ၂ တပ်ရင်း ၁၄ နယ်မြေဖြစ်တဲ့ လမုန်းကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့တပ်စခန်းရှိ နေအိမ်တစ်လုံးကို ကေအိုင်အေတပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းမှာတော့ ကွတ်ခိုင်မြို့နယ် နမ့်ဖါလုံတောင်အနီး စစ်ယာဉ်တန်းများဖြင့် ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို KIA, KPDF ပူးပေါင်းတပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်စဉ် စကစမှ ၄ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင်လည်း KIA, TNLA, MNDAA တပ်များနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ စကစရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုများလည်း ရှိနေပါတယ်။

Leave a Reply

*