အကြမ်းဖက် စစ်ကောင်စီတပ်မှ ပြည်သူ ၅၀ နီးပါးကို လူသားဒိုင်းအဖြစ် ပေါ်တာဆွဲ

ဒီဇင်ဘာလ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

ဖားကန့်မြို့နယ် ခွမ်ဆိုင်ဇွပ်ကျေးရွာထိပ် ဆုတောင်းတောင်ပေါ်တွင် တပ်စွဲနေရာယူနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ ၃ လက်အောက်ရှိ ခလရ ၄၂ မှ အင်အား ၁၀၀ ကျော်ပါတပ်ဖွဲ့က နိုဝင်ဘာ ၃၀ ရက်နေ့  ညနေပိုင်းတွင် အဆိုပါကျေးရွာတဝိုက်ရှိ ပြည်သူများကို ပေါ်တာဆွဲခေါ်သွားကြောင်း သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ ညနေပိုင်း ဖြတ်သန်းသွားလာတဲ့ အမျိုးသားတိုင်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ဖားကန့်မြို့ကနေ ဆင်းလာတဲ့ ကားသမားနဲ့ ခရီးသွားပြည်သူ အယောက် ၆၀ ဝန်းကျင်ကိုလည်း ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၁ ရက်နေ့ မနက် ၅ နာရီခန့် နန့်ယားစစ်တပ်ဘက် ခေါ်ဆောင်သွားခဲ့ကာ ပြန်လည်လွတ်ပေးခဲ့ပေမယ့် ဒေသခံများကိုတော့ လွတ်ပေးခဲ့ခြင်းမရှိတာကြောင့် မိသားစုဝင်များက စိုးရိမ်နေကြရပါတယ်။

အဆိုပါ စစ်ကြောင်းက ဖားကန်မြို့ လုံးခင်းကျေးရွာကနေ နိုဝင်ဘာ ၂၇ ရက်နေ့က ထွက်ခွာလာတဲ့ အဖွဲ့ဖြစ်ပြီး ခွမ်ဆိုင်ဇွပ်ကျေးရွာထိပ်တွင် ရပ်နားက နန့်ယားတပ်စခန်းဘက် ပြန်လည်ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရပါတယ်။

ယနေ့ ဒီဇင်ဘာ ၂ရက်နေ့ မနက် ၉ နာရီခန့်တွင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် လက်နက်ကိုင်ဆောင်ထားတဲ့ လူ ၂ ဦး ဖုန်းဆိုင်တစ်ခုကို ဓားပြတိုက်ကာ နေအိမ်ပေါ်အထိ တက်ပြီး ပိုက်ဆံများနဲ့ ဖုန်းများ ယူဆောင်ကာ ပြင်ပတွင် ရပ်နားထားတဲ့ ဆိုင်ကယ်တစ်စီးလည်း ယူဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

Leave a Reply

*