ကချင်ပြည်နယ် ကားမိုင်းမြို့နယ် နန့်ရှန်တောင်တွင် တပ်စွဲထားတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၁၂ တပ်ဖွဲ့က စက်တင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းတွင် ကျေးရွာအနီးဝန်းကျင်ဘက် လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ထိုစစ်ကောင်စီတပ် ခမရ ၁၂ အဖွဲ့က စက်တင်ဘာ ၂၁ ရက်နေ့ မနက် ၉ နာရီကနေ ၁၀ နာရီဝန်းကျင်တွင်လည်း ကျေးရွာအနီးဘက် လက်နက်ငယ်များဖြင့် အချက် ၅၀ ထက်မနည်း ပစ်ခတ်မှုတွေ လုပ်ဆောင်နေခဲ့ကာ မည်သူ့အကြောင်းပြချက်ကြောင့် ပစ်ခတ်နေခြင်းကို အတိအကျမသိရှိရကာ သူတို့ကိုယ်သူတို့ကြောက်ရွှံ့ပြီး ပစ််ခတ်နေတာဖြစ်နိုင်ကြောင်း ဒေသခံများက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ လက်နက်ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ လက်တလော ထိခိုက်မှုမရှိသေးပေမယ့် စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေကြကြောင်း သိရပါတယ်။
လွန်ခဲ့သော မတ်လပိုင်းတွင် ထိုစစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၉ တပ်ရင်း ၄၄ အဖွဲ့မှ လာရောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့မှုရှိခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ ဒေသခံပြည်သူအချို့ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရမှု ရှိခဲ့ပါတယ်။