အကြမ်းဖက် စစ်ကောင်စီတပ်မှ စိတ်မနှံသူ အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့

မိုးကောင်းမြို့နယ်၊ ကညှင်မြိုင် ကျေးရွာတွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်မှ​ ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၇ နာရီခွဲတွင် ကချင်အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရပါတယ်။

ပစ်သတ်ခံခဲ့ရတဲ့ အမျိုးသမီးက ကဝါးယန်ကျေးရွာမှ အသက် (၃၀) အရွယ် ဂျီးနန်ဖြစ်ပြီး ခမရ (၃၈၃, ၃၈၄) တပ်စခန်းတဝိုက် သွားလာနေစဉ် အကြမ်းဖက် စစ်ကောင်စီတပ်သားများရဲ့ ပစ်ခတ်ခြင်းကို ခံလိုက်ရတာဖြစ်ပြီး အဆိုပါအမျိုးသမီးက စိတ်မနှံသူ အမျိုးသမီးဖြစ်ပါတယ်။

ကညှင်မြိုင်ရှိ ခမရ (၃၈၃, ၃၈၄) တပ်စခန်းက စစ်တပ်ဝင်းအရှေ့ဘက်ကနေ ညနေပိုင်း ဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်များကို သေနတ်ဖြင့် လိုက်လံပစ်မခတ်မှုတွေ ယခင်ကလည်းရှိခဲ့ကာ ယခုလို သေဆုံးခဲ့ရမှုတွေလည်း ရှိခဲ့ဘူးပါတယ်။

အဆိုပါတပ်စခန်းက အချိန်မတော် သေနတ်ပစ်ခတ်မှုတွေ အမြဲလိုလိုပြုလုပ်နေလေ့ရှိပြီး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရမှုတွေလည်း ရှိခဲ့တာကြောင့် ဒေသခံများက ညနေ ၆ နာရီနောက်ပိုင်း ကျေးရွာအတွင်း သွားလာမှုတွေ မရှိသလောက်ဖြစ်ခဲ့ကာ စစ်တပ်ဝင်းရှေ့ကနေလည်း ဖြတ်သန်းသွားလာခြင်းတောင် မပြုလုပ်ကြကြောင်း ဒေသခံများထံမှ သိရပါတယ်။

ထို့အပြင် စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင်လည်း မြစ်ကြီးနားမြို့ အာလမ်ကျေးရွာနေ လီဆူအမျိုးသား ဦးလာမာဒီး ကို စစ်ကြောင်းသွားလာနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်ခတ် သတ်ဖြတ်ကာ ရုပ်အလောင်းကို တစ်ခါတည်း မီးရှို့ဖျက်ဆီးလိုက်မှုလည်း ရှိခဲ့ပါတယ်။

Leave a Reply

*