ဝိုင်းမော်မြို့နယ်၊ နန်ဇော်ယန်ကျေးရွာအနီး အင်ဂေါ့ယန်ဘွမ်တွင် ယနေ့ နေ့လည် ၁၁ နာရီခန့် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၅) တပ်ရင်း (၃)နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ (၈၈) မပခတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ကေအိုင်အေနယ်မြေဘက် ကျူးကျော်ဝင်ရောက် စစ်ကြောင်းထိုးလာခြင်းကြောင့် ကေအိုင်အေတပ်မှ ခုခံတိုက်ခိုက်ပြီး ညနေပိုင်း ၂ နာရီ ၁၅ မိနစ်ခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန် ဝိုင်းမော်တွင် တပ်စွဲထားတဲ့ ခလရ (၅၈) တပ်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးတာတွေ ရှိခဲ့သလို ညနေပိုင်း ၃ နာရီခန့်တွင် ရဟတ်ယာဉ် ၂ စီးဖြင့် ၂ ကြိမ်တိုင် လာရောက်ပစ်ကူတာတွေလည်း ပြုလုပ်နေခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးတာတွေ များပြားခဲ့တာကြောင့် ယခုလို စစ်ကူပေးတာဖြစ်နိုင်ကြောင်း ဒေသခံများက မှန်းဆနေကြတာတွေလည်း ရှိနေပါတယ်။ အဆိုပါဒေသတဝိုက် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာဖွယ်ရှိနေတာကြောင့် ခလရ (၅၈) တပ် အနီးဝန်းကျင်ရှိ ဒေသခံများက လက်တလောတွေ တိမ်းရှောင်မှုများလည်း ရှိလာနေကြောင်း သိရပါတယ်။
ဇူလိုင် ၁၀ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တို့က နန်ဇော်ယန်အနီးတဝိုက် စစ်ရေးလှုပ်ရှားလာခြင်းကြောင့် ကေအိုင်အေတပ်နဲ့ လက်နက်ကြီး လက်နက်ငယ်အသုံးပြုကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါသေးတယ်။