ရွှေကူကနေ စစ်လက်နက်ခဲယမ်းများ သယ်ဆောင်လာတဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ သင်္ဘောတစ်စင်းကို ဧပြီ ၁၃ ရက်နေ့ ညနေပိုင်းအချိန်တွင် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) မှ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါသင်္ဘောက ဧရာဝတီမြစ်အတိုင်း ရွှေကူကနေ ကျောက်ကြီးဘက် လက်နက်ခဲယမ်းများ သယ်ဆောင်ပြီး ခုတ်မောင်းလာစဉ် တိုက်ခိုက်လိုက်ခြင်းဖြစ်ကာ ၁၀ မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့ပြီး မြို့လှ KPDF မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်မှ ဧရာဝတီမြစ်ကြောင်း အသုံးပြုကာ လက်နက်ခဲယမ်း၊ ရိက္ခာများ ပို့ဆောင်မှုတွေ ယခုရက်ပိုင်းအတွင်း ဆက်တိုက်လုပ်ဆောင်နေပြီး ဗန်းမော်၊ ရွှေကူ၊ ကသာတဝိုက် ကေအိုင်အေတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားမှုတွေကလည်း အမြဲလိုလို ရှိနေတာဖြစ်ပါတယ်။
ထို့အပြင် စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့တွင် KIA, PDF ပူးပေါင်းအဖွဲ့နဲ့ အကြမ်းဖက် စစ်ကောင်စီကြား ၁၁ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ နှစ်ဖက် အကျအဆုံးရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ သေဆုံးမှုများပြားသလို စစ်သုံ့ပန်းအချို့နဲ့ လက်နက်ခဲယမ်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။