ကချင်ပြည်နယ်၊ မံစီမြို့နယ် ဇွပ်ဂျာကျေးရွာအထက်ပိုင်းတွင် ယမန်နေ့ မတ်လ ၂၈ ရက်နေ့ ညနေပိုင်း ၄ နာရီခန့်တွင် စစ်ရေးလှုပ်ရှားလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း (၂၇) ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ (၈၈)၊ ခလရ (၁၂၁) နဲ့ ခလရ (၁၅) ပူးပေါင်းထားတဲ့ အင်အား ၁၆၀ ဝန်းကျင်ပါဝင်တဲ့ စစ်ကြောင်းက မိုင်းခေါင်တပ်စခန်းကနေ မဂျီဂုံတပ်စခန်းဘက် လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့ဆောင်ဖို့ စစ်ကြောင်းထိုးလာစဉ် ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင့် သိရပါတယ်။
အဆိုပါစစ်ကြောင်းက မတ်လ ၂၆ ရက်နေ့တုန်းက ဟန်ထက်ကျေးရွာကနေ မိုင်းခေါင်တပ်စခန်းဘက် လှုပ်ရှားလာစဉ် ကေအိုင်အေတပ်မှ နတ်ကြီးစင်အရောက် မိုင်းဆွဲတိုက်ခိုက်လိုက်တဲ့ တပ်ဖွဲ့ဖြစ်ကြောင်းလည်း သိရပါတယ်။
ဗန်းမော်မြို့နယ်၊ ဖန်းခါးကုန်းကျေးရွာအနီးတွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၄၇) တပ်နဲ့ မိုးမောက်ရှိ ခမရ (၄၃၇) တပ်က ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကာ ဝါဘော်ကျေးရွာ၊ မိုင်ဂျာကျေးရွာ နဲ့ လုံဂျာဘွမ်တွင် ကျရောက်ပေါက်ကွဲခဲ့ပေမယ့် ထိိခိုက်မှုတော့ မရှိခဲ့ကြောင်း သတင်ရင်းမြစ်အရ သိရပါတယ်။
ထို့အပြင် ယမန်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း (Kachin Sub-state) ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၃၆) နယ်မြေဖြစ်တဲ့ မုံးပေါ်ဒေသ မိုင်းနောင်ကုန်းအထက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် ကေအိုင်အေတပ်မှ မိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။