မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာ၊ ညောင်ကုန်းအရောက်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်ယာဉ်တန်းကို KIA, PDF ပူးပေါင်းတပ်မှ ယနေ့ မတ်လ ၇ ရက်နေ့ မနက် ၇ နာရီခန့်တွင် ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
ကေအိုင်အေ တပ်ရင်း (၃၅) နယ်မြေဖြစ်တဲ့ မိုးညှင်းကနေ စစ်ယာဉ် ၂၇ စီးနဲ့ စစ်အင်အား ၂၀၀ ဝန်းကျင်ပါဝင်တဲ့ အဆိုပါ စစ်ယာဉ်တန်းက စစ်အင်အား၊ လက်နက်ခဲယမ်းများ သယ်ဆောင်လာကာ နန်းမားဘက်ရောက်ရှိလာစဉ် KIA, PDF ပူးပေါင်းတပ်မှ မိုင်းဆွဲတိုက်ခိုက်ပြီး နှစ်ဖက် အပြန်အလှန် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေစဉ် မိုးညှင်းစစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် ရမ်သမ်းပစ်ခတ်မှု ပြုလုပ်လာခြင်းကြောင့် ဒေသခံများ စိုးရိမ်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရမှုတွေ ရှိခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုတွေ များပြားခဲ့တာကြောင့် မိုးညှင်တပ်စခန်းမှ စစ်ယာဉ် ၆ စီးဖြင့် လာရောက် ကောက်ယူမှုတွေ ရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
အဆိုပါ အပြန်အလှန်တိုက်ပွဲဖြစ်ပွားမှုတွင် အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ကား ပျက်စီးမှုတွေ ရှိခဲ့ကာ မတ်လ ၃ ရက်နေ့က KIA, PDF ပူးပေါင်းတပ်မှ မော်လူး၊ မော်ဟန်အနီး စောင့်ကြို ကြားဖြတ်တိုက်ခိုက်ခဲ့သလို မတ်လ ၅ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း နဘားတွင် တစ်ကြိမ်၊ ပင်ဝဲတွင် တစ်ကြိမ် စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသေးတယ်။