ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ အင်စီယာန်ကျေးရွာအထက် ရှိန်ဂတ်ဘွမ်တဝိုက် ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KIA, PDF ပူးပေါင်းတပ် တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
ရှိန်ဂတ်ဘွမ်တွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၄၆ နဲ့ ၁၃၇ တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) တပ်ရင်း (၇) နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကာ လက်နက်ကြီးအသုံးပြုမှုတွေ အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါတောင်တွင် ဖေဖော်ဝါရီ ၁၈ ရက်နေ့ကစတင်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ၄ ရက်တိတိရောက်ရှိနေပြီ ဖြစ်ပါတယ်။
ရှိတ်ဂတ်ဘွမ်က ကေအိုင်အေမှ ယခင်တပ်စွဲရာနေရာဖြစ်ကာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် စွန့်ခွာပေးခဲ့ရတဲ့ တပ်စခန်းဖြစ်ကာ အကြမ်းဖက် စစ်ကောင်စီက ယနေ့ထိ ပြန်လည်တပ်စွဲနေရာယူနေတာကြောင့် ပြန်လည်ရယူဖို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
ကေအိုင်အေ တပ်ရင်း (၇) နယ်မြေတွင် ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီတပ်မှ ဘေးပတ်ဝန်းကျင်ဘက် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို ထောင်ကျော်သောဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။