ရှမ်းပြည်နယ် မြောက်ပိုင်း (Kachin Sub-state) မုံးကိုး-ဖောင်းဆိုင်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ စစ်အင်အားတိုးချဲ့ စစ်ရေးလှုပ်ရှားပြီး ထိုးစစ်ဆင်မှုတွေ ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတာကြောင့် ကိုးကန့်တပ်မတော် (MNDAA) နဲ့ တိုက်ပွဲတွေလည်း မကြာခဏဆိုသလို ဖြစ်ပွားနေပါတယ်။

စက်တင်ဘာ ၁၈ ရက် ယနေ့ မနက် ၈ နာရီခွဲကနေ ၉ နာရီအချိန်တွင်း ပန်ဆိုင်းအနီး နမ်ဟူတွင် ကိုးကန့်တပ်နဲ့ ထိုဒေသတဝိုက် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး မုံးကိုးနဲ့ နမ်ဆူကြားတွင်လည်း ၁၀ နာရီခွဲခန့်တွင် ထိပ်တိုက်ရင်ဆိုင်မှုရှိခဲ့ကာ လွယ်ဂျော်ဘွမ်၊ လွယ်ဂျော်ကျေးရွာအနီးမှာတော့ ၁၁ နာရီခန့်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက်ဘက် စစ်ကောင်စီတပ်များက ညနေပိုင်း ၂ နာရီအထိ လက်နက်ကြီးများ ပစ်ခတ်မှုတွေ ရှိနေခဲ့ကြောင်း သိရပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၆ တပ်ရင်း ၃၆ အခြေစိုက်တဲ့ Mungmyit Sinli ဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ကိုးကန့်တပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတွေ ဆက်တိုက်ရှိနေပြီး ကျေးရွာအထိ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုတွေရှိခဲ့တာကြောင့် လက်ရှိအချိန်ထိ ပြည်သူ ၆ ဦးထက်မနည်း သေဆုံးခဲ့ရကာ ဒေသခံပြည်သူအများစုကလည်း ဘေးလွတ်ရာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။