ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း ၁၅ နယ်မြေဘက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကို ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်း ၁ နာရီခွဲခန့်တွင် မိုးမောက်နဲ့ ခဝမ်ဘန်ကြား အလန်းကောင်းကျေးရွာ မြို့သစ်ရပ်ကွက် လမ်းပိုင်းတွင် ကေအိုင်အေတပ်ဖွဲ့မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

ကေအိုင်အေ တပ်မဟာ (၅) နယ်မြေ ဖွန်းပျန်ဘွမ်တွင်တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များက ဇူလိုင် ၂၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ကေအိုင်အေမှ မြုပ်နှံထားတဲ့ မိုင်းနင်းမိကာ သေဆုံးမှုအချို့ရှိခဲ့ပါတယ်။
ထိုမိုင်းနင်းမိပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်အဖွဲ့က ညနေ ၈ နာရီခွဲခန့်အထိ အင်ဂေါ့်ကောင်ဘက် ၆၀-မမ လက်နက်ကြီးဖြင့် ၆ ကြိမ်၊ ခန်ကိုင်ဘွမ်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရှန်ထုံဘွမ်ဘက် လက်နက်ကြီးဖြင့် ၆ ကြိမ်ပစ်ခတ်မှုပြုလုပ်ခဲ့ကာ ဘွမ်ရဲတွင် တပ်စွဲထားတဲ့စစ်တပ်အဖွဲ့က ကေအိုင်အေဌာနချုပ်နယ်မြေဘက် ၃ ကြိမ်ပစ်ခတ်မှုလုပ်ဆောင်ခဲ့ပေမယ့် ထိခိုက်မှုတော့မရှိခဲ့ကြောင်း သိရပါတယ်။
ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း ၃၆ နယ်မြေ မုံကိုးဒေသ ကောင်ဝိုင်းလမ်းဆုံတွင် ဇူလိုင် ၂၃ ရက်နေ့ ညနေ ၇ နာရီခွဲခန့်တွင် ဖိုင်ကောင်မှ ခြေလျင်ဖြင့် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်တပ် ခမရ (၄၁၉) အဖွဲ့ကို ကိုးကန့်တပ်မတော် တပ်မ (၅၁၁) လက်အောက်ရှိ တပ်ရင်း (၅၀၅) အဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့မှုလည်း ရှိခဲ့ပါတယ်။