အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်စခန်း သုံးခုထက်မနည်းကို ယမန်နေ့ညနဲ့ ယနေ့မနက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်မှ အလစ်ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သလို စစ်အင်အားတိုးချဲ့ဖို့ ထွက်ခွာလာတဲ့ စစ်ယဉ်တန်းကိုလည်း ကြားဖြတ်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။

တနိုင်း-လီဒိုလမ်းပေါ် မရန်ကထောင်ကျေးရွာရှိ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ကို ယနေ့ ဇူလိုင် ၃၀ ရက်နေ့ မနက် ၄ နာရီခန့်က ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) တပ်ရင်း (၁၁) အဖွဲ့မှ တပ်သားအချို့ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ကာ မနက် ၅ နာရီအထိ အချိန် ၁ နာရီကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ယနေ့မနက်မှာပင် မိုးကောင်းမြို့တွင် တပ်စွဲနေရာယူထားတဲ့ အာဏာသိမ်းစစ်တပ် တကခ (၃) တပ်ကို ကေအိုင်အေမှ လက်နက်ကြီးများဖြင့် လျှပ်တပြတ်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုတွေရှိခဲ့ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။
ထို့အပြင် ယမန်နေ့ည ၁၀ နာရီ ၅၀ မိနစ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၅) တပ်ရင်း (၃) မှ ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာနဲ့ လဘန်ကျေးရွာအကြား တပ်စွဲနေထိုင်နေတဲ့ အကြမ်းဖက်အာဏာသိမ်းစစ်တပ် ခလရ (၅၈) တပ်ကို အလစ်ဝင်ရောက်တိုက်ခိုက်ပြီး ၁၁ နာရီခွဲအထိ နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် အာဏာသိမ်းစစ်ကောင်စီတပ်များက အနီးဝန်းကျင်ဘက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး အချို့ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ပါတယ်။ နှစ်ဖက်တိုက်ပွဲပြီးဆုံးချိန်မှာတော့ ခရာဘွမ်နဲ့ ဘွမ်ရဲဘွမ်တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်အုပ်စုက ယနေ့မနက် ၁ နာရီဝန်းကျင်မှာတော့ လိုင်ဇာမြို့အနီးဘက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့သလို ယနေ့ နေ့လည် ၁ နာရီတွင်လည်း ထပ်မံပစ်ခတ်မှု လုပ်ဆောင်နေခဲ့ပါတယ်။
ယနေ့မနက် ၁၁ နာရီခန့်မှာတော့ မိုးညှင်းမြို့နယ် နန့်စီးအောင်တဝိုက် ကချင်ပြည်နယ်ဘက် စစ်အင်အားတိုးချဲ့ဖို့ ထွက်ခွာလာတဲ့ စစ်ယာဉ်တန်းကို ကေအိုင်အေ တပ်မဟာ (၈) တပ်ရင်း ၃၅ မှ ကြားဖြတ်တိုက်ခိုက်မှုလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။
ယခုရက်ပိုင်းအတွင်း အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီမှ ကချင်ပြည်နယ်ဘက် စစ်အင်အား၊ လက်နက်ခဲယမ်းများနဲ့ ရိက္ခာများဖြည့်တင်းမှုတွေကို ရေကြောင်း၊ ကုန်းကြောင်းနဲ့ လေကြောင်းများဖြင့် အဆက်မပျက်လုပ်ဆောင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတွေကတော့ ဆက်လက်ရှိနေအုံးမှာပဲ ဖြစ်ပါတယ်။