တနိုင်းမြို့နယ် ဟူးကောင်းဒေသ နမ့်ဗျူ၊ နမ့်ခမ်းကျေးရွာအနီးတွင် ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ် ခလရ (၇၄)၊ ခမရ (၃၁၈) ပူးပေါင်းအဖွဲ့ကြား ဧပြီ ၁၅ ယနေ့မနက် ၆ နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်မှ ကေအိုင်အေနဲ့တိုက်ပွဲဖြစ်ပွားအပြီး မနက် ၉ နာရီအချိန်မှာတော့ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
“စစ်ကောင်စီတပ်ဘက်က အင်အား (၅၀) ရှိတယ်၊ ညနေပိုင်း ၂ နာရီအချိန်လောက်ထိ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာပါ သူတို့ဘက်က မနက် ၉ နာရီလောက်မှာ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးလာကြဲပါသေးတယ်” လို့ ရှေ့တန်းစခန်းက ယခုလိုပြောပါတယ်။
ထို့ပြင် ကေအိုင်အေ တပ်မဟာ (၅) နယ်မြေရှိ အလော့ဘွမ်အနီးတဝိုက်တွင်လည်း ကေအိုင်အေတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့သလို အာဏာသိမ်းစစ်ကောင်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူခြင်း၊ ဂျက်တိုက်ယာဉ်များဖြင့် ဗုံးကြဲခြင်းများကို ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုတွေ လေကြောင်းမှ ဗုံးကြဲမှုတွေရှိတာကြောင့် အင်မောက်ဒေသရှိ ကျေးရွာများတွင် ကျရောက်ပေါက်ကွဲမှုတွေရှိခဲ့ကာ နေအိမ်ပျက်စီးမှုတွေ၊ အပစ်မဲ့ပြည်သူများ ထိခိုက်သေကြေမှုတွေရှိလာတာကြောင့် အင်မောက်ဒေသခံများက ဗန်းမော်မြို့ဘက်ကို စစ်ဘေးရှောင်နေကြရပါတယ်။
ယခုလို အာဏာသိမ်းစစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များအသုံးပြုပြီး ဗုံးကြဲခြင်းများပြုလုပ်နေတဲ့အပြင် ဗန်းမော်မြို့တွင်လည်း စစ်အင်အားအလုံးအရင်းဖြည့်တင်းမှုတွေ လုပ်ဆောင်နေတာကြောင့် စစ်ရေးတင်းမာမှုတွေက လျော့ကျသွားဖို့ အလားအလာမတွေ့ရသေးကြောင်း ရှေ့တန်းစခန်းမှသိရပါတယ်။