တနိုင်းမြို့နယ် ဟူးကောင်းဒေသ၊ နောင်းမီကျေးရွာဟောင်းတွင် အောက်တိုဘာ ၈ ရက် မနက် ၇ နာရီခွဲခန့်တွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များပါဝင်တဲ့ စစ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၂ တပ်ရင်း ၁၄ မှ ကြားဖြတ်မိုင်းတွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ထို့အပြင် စစ်ယာဉ်တန်းအတွက် လုံခြုံရေးယူဖို့ လှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်များကို မနက် ၁၀ နာရီခွဲတွင် ဒေါ်လောင်ကုန်းတွင် တစ်ကြိမ်၊ နေ့လည် ၁၂ နာရီခန့်တွင် မန်ပန်ကျေးရွာနဲ့ ဒရုံကြားရှိ တက်ဦးကုမ္ပဏီလမ်းဆုံတွင် နောက်တစ်ကြိမ် ကေအိုင်ကေတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းတစ်လျှောက် လက်နက်ကြီးလက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်နေခဲ့တာကြောင့် မန်ပန်ဒေသခံများက စိုးရိမ်လာသဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်းလည်း သိရပါတယ်။
ကျေးရွာအနီးဝန်းကျင်ဘက် လက်နက်ရမ်းသမ်းပစ်ခတ်အပြီး ထိုလုံခြုံရေးစစ်ကြောင်းက ညနေပိုင်း ၂ နာရီခန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ် ခလရ (၂၉၈) တပ်ဘက် ရောက်ရှိသွားကြောင်း သိရပါတယ်။