သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နာ့ခရမ်းဒေသမှာ တိုက်ပွဲကြောင့်ခိုလှုံနေရတဲ့ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့မှု လျော့နည်းလာတာကြောင့် စားဝတ်နေရေးအခက်ကြုံနေရပါတယ်။ ထိုဒေသများကို အကူအညီပေးတဲ့ အဖွဲ့အစည်းတွေ ရောက်ရှိမှု သိပ်မရှိတဲ့အပြင် လက်ရှိကြုံတွေ့နေရတဲ့ COVID-19 ကပ်ရောဂါကြောင့် အပြင်အလုပ်ထွက်လုပ်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေများကြောင့် စားဝတ်နေရေးအတွက် အတိဒုက္ခရောက်နေရပြီလို့ အကူအညီပေးရေးအဖွဲ့တာဝန်ခံက ပြောပါတယ်။

နာ့ခရမ်းဒေသခံများက ဂါးလျန်၊ ကွတ်ခိုင်ဘက် စစ်ဘေးရှောင်နေရပေမယ့် မိမိရဲ့ လယ်ယာမြေများဆီပြန်လည် သွားရောက်လုပ်ကိုင်နေရချိန် တိုက်ပွဲဖြစ်ပွားမှုတွေ ရှိလာတာကြောင့် အသွားအလာသတိထားစွာဖြင့် လုပ်ကိုင်နေရတာပါ။ “တိုက်ပွဲတွေရှိနေသေးတော့ တောင်ယာ လယ်ယာတွေ စိုက်ပျိုးထားပေမယ့် ပျက်စီးဆုံးရှုံးမှုတွေပဲ ဖြစ်နေရတယ်၊ ပြီးတော့ အချို့ဒေသခံများရဲ့ ကျွဲနွားတွေ သတ်စားပေးလိုက်တာတွေရှိနေတယ်၊ ဈေးဆိုင်တွေလည်း ဖျက်ဆီးခံလိုက်ရတာတွေလည်း ကြုံတွေ့နေရပါတယ်” လို့ ထိုဒေသကို အကူအညီပေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။
နာ့ခရမ်းဒေသမှာ ကချင်၊ တအာန်း၊ သျှမ်း နဲ့ တရုတ်စတဲ့လူမျိုးပေါင်းစုံနေထိုင်နေကြတာဖြစ်ကာ သယံဇာတထွက်ရှိတဲ့ဒေသမဟုတ်တာကြောင့် ဒေသခံများက စိုက်ပျိုးရေးလုပ်ငန်းများဖြင့်သာ အသက်မွေးဝမ်းကြောင်းပြုနေကြရတာ ဖြစ်တာကြောင့် လုံခြုံစိတ်ချစွာဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နိုင်ဖို့ အဓိကကျနေပါတယ်။