သျှမ်းပြည်မြောက်ပိုင်းဒေသတွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့မှ အင်အားတိုးချဲ့မှုတွေ စစ်ရေးလှုပ်ရှားမှုတွေ နေ့စဉ်ရက်ဆက်ပြုလုပ်နေတာကြောင့် ကေအိုင်ကေတပ်နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

ယမန်နေ့ ဧပြီ ၁၅ ရက်နေ့က ကေအိုင်အေတပ်မဟာ (၄) တပ်ရင်း (၃၄) ဒေသဖြစ်တဲ့ နမ့်လန်ဇွပ်အနီးတွင် မန်တုံမြို့မှ ထွက်လာတဲ့ စစ်ကောင်စီတပ် ခလရ (၂၅၁) နဲ့ ကေအိုင်အေတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။
ထိုနေ့မှာပင် ကေအိုင်အေနယ်မြေဘက် ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ် ခလရ (၂၅၁) တပ်နဲ့ နမ့်ပလန်နဲ့ မန်တုံကြားတွင် ထပ်မံထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပါသေးတယ်။
ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁၅) ဒေသမှာလည်း ဗန်းမော်ဘက်မှ စစ်ကားများဖြင့် စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်နဲ့ ယမန်နေ့ညနေပိုင်းတွင် နောင်လိပ်ကျေးရွာအနီး ကေအိုင်အေဘက်မှ စောင့်ကြိုတိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်.
ဧပြီ ၁၅ ရက်နေ့တစ်ရက်တည်းမှာလည်း ကေအိုင်အေ တပ်မဟာ (၃) ၊ တပ်မဟာ (၄)၊ တပ်မဟာ (၂)၊ တပ်ရင်း (၁၄) စတဲ့နယ်မြေ ၄ နေရာတွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကေအိုင်အေ တပ်မဟာ (၂) ဒေသမှာတော့ စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ် ၂ စီး ၅ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။