သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၃၆) နယ်မြေဖြစ်တဲ့ မုံကိုးမြို့ ဖုန်ဂန်ကျေးရွာဟောင်းတွင် မတ်လ ၁၂ ရက်နေ့ နေ့လည်ပိုင်းက ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မြန်မာစစ်တပ် ခလရ (၂၈၇)မှ စစ်အင်အား ၁၀၀ ဝန်းကျင်ဖြင့် ကေအိုင်အေ နယ်မြေထဲကို ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတာကြောင် ကေအိုင်အေ တပ်ရင်း (၃၆) မှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကာ လက်ရှိတွင် အာဏာသိမ်းစစ်တပ်မှ စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်နေတဲ့အပြင် စစ်အင်အားဖြည့်တင်းမှုတွေလည်း လုပ်ဆောင်နေကြောင်း သိရပါတယ်။
“အခုတိုက်ပွဲဖြစ်တာက ဒီဘက်အပိုင်းတွေမှာ စစ်ရေးလှုပ်ရှားနေတဲ့အဖွဲ့နဲ့ပါ၊ ကျတော်တို့တောင်ဘက်မှာတော့ စစ်အင်အားအများကြီးတိုးချဲ့တာတွေ့မတွေ့ပေမယ့် လမ်မကြီးဘက်မှာတော့ ဖြည့်တင်းနေတယ်၊ တောင်ဘက်ကို တင်လာတာတွေအများကြီးရှိတယ်လို့ပြောပေမယ့် လမ်းတစ်ဝက်မှာ ပျောက်ပျောက်သွားတာဆိုတော့ တောမှာခိုအောင်းနေပုံရတယ်” လို့ စစ်မြေပြင်ရောက်နေသူတစ်ဦးကပြောပါတယ်။
ကေအိုင်အေ နယ်မြေနဲ့နီးစပ်တဲ့နေရာများတွင် အာဏာသိမ်းစစ်တပ်မှ စစ်အင်အားတိုးချဲ့တာတွေ အဆက်မပြတ်လုပ်ဆောင်နေခြင်းကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေအုံးမှာဖြစ်ပြီး ထိုနေရာတွင် မတ်လ ၉ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
လက်ရှိတွင် ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်တပ်ကြား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်မှုတွေက သျှမ်းပြည်မြောက်ပိုင်းအပြင် ကချင်ပြည်နယ် အချို့နေရာမှာလည်း တိုက်ပွဲဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။