သျှမ်းပြည်မြောက်ပိုင်းမှာ ကေအိုင်အေတပ် နဲ့ မြန်မာစစ်တပ် တိုက်ပွဲဆက်လက်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ ၄ လက်အောက်ရှိ တပ်ရင်း ၈ နယ်မြေဖြစ်တဲ့ နန့်ဖက်ကာနဲ့ကွတ်ခိုင်ကြား နမ့်ဖာလွန်တောင်တွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက် ၉ နာရီကနေ ၁၀ နာရီကြား ကေအိုင်အေ တပ်ခွဲ ၂၉နဲ့ မြန်မာစစ်တပ် တပ်မ ၉၉ ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်သား အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ မြန်မာစစ်တပ် တပ်မ ၉၉ က ကေအိုင်အေတပ်စွဲထားရာနယ်မြေ ထန်ငေါင့်ကျေးရွာအနီးတဝိုက် ထိုးစစ်ဆင်လှုပ်ရှားလာခြင်းကြောင့် ခုခံတိုက်ခိုက်ခဲ့ပါတယ်။ “မြန်မာစစ်တပ်က ဒီကျေးရွာဘက် လှုပ်ရှားမှုတွေလုပ်ပြီး အပြန် နမ့်ဖာလွန်တောင်မှာ ထိပ်တိုက်တွေ့သွားတာပါ” လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့လည်ပိုင်းက မြန်မာစစ်တပ်မှ ဖ့ငေါင့်ကျေးရွာကို ဝင်ရောက်လာပြီး ဒေသခံ ၇ ဦးကို ဖမ်းဆီးသွားခဲ့ပေမယ့် ညနေ ၂ နာရီအချိန်ခန့်မှာတော့ ပြန်လည်လွတ်ပေးခဲ့တယ်လို့ ဖ့ငေါင့်ဒေသခံများကပြောပါတယ်။

လက်ရှိအချိန်တွင် သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ ထိန်းချုပ်နယ်မြေများတွင် မြန်မာစစ်တပ်မှ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိတ်စိတ်လုပ်ဆောင်နေသလို စစ်အင်အားတိုးချဲ့မှုတွေလည်း ပြုလုပ်နေတာကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေအုံးမှာ ဖြစ်တယ်လို့ ဒေသခံများက ခန့်မှန်းထားကြပါတယ်။

Leave a Reply

*