သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ ၆၊ တပ်ရင်း ၉ နယ်မြေဖြစ်တဲ့ ကွတ်ခိုင်ခရိုင် ဂျာဘွမ်ဇုံနယ်၊ နောင်ချိုတောင်တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေပိုင်း ၂ နာရီခွဲကနေ ၃ နာရီခွဲအထိ ကေအိုင်အေတပ်နဲ့ မြန်မာတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်သည်အင်အား ၂၀၀ ကျော်ရှိတဲ့ မြန်မာစစ်တပ် တပ်မ ၉၉ တို့က နောင်ချိုတောင်ဘက်ကို ထိုးစစ်ဆင်လာတာကြောင့် KIA,MNDAA, SSPP တို့ပူးပေါင်းတပ်မှ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး ခုခံတိုက်ခိုက်ရာမှ တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့တာပါ။
ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့တာကြောင့် မြန်မာစစ်တပ်ဘက်က ထိခိုက်မှုတွေရှိနိုင်ကြောင်း ရှေ့တန်းရောက်ရှိနေသူတစ်ဦးကပြောပါတယ်။ လက်ရှိအချိန်တွင် မြန်မာစစ်တပ်က စစ်အင်အားတိုးချဲ့မှုတွေကို ဆက်တိုက်လုပ်ဆောင်မှုတွေရှိနေတာကြောင့် နှစ်ဦးနှစ်ဖက် သတိထားတဲ့အချိန်ဖြစ်နေကာ တပ်မတော်အနေဖြင့် အင်အားတိုးချဲ့ပြီး ထိုးစစ်ဆင်လာပါက တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေမှာဖြစ်ကြောင်း သူကပြောပါတယ်။
“ကျတော်တို့ကတော့ မြန်မာစစ်တပ်အနေဖြင့် ထိုးစစ်ဆင်လာတာကြောင့် တိုက်ခိုက်ရတာပါ၊ ဒီနယ်မြေတွေက ကျတော်တို့တပ်စွဲရာနယ်မြေတွေဖြစ်တာကြောင့် ထိပ်တိုက်တွေ့ဆုံလာရင်တော့ ပစ်ရမှာပဲ၊ အများကြီးတက်လာနေတယ်လို့တော့ သတင်းကြားနေရတယ်” လို့ ရှေ့တန်းရောက်ရှိနေသူ တစ်ဦးကပြောပါတယ်။
လွန်ခဲ့သော ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း ယခုလိုထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားမှုက ကေအိုင်အေတပ်နဲ့ မြန်မာစစ်တပ် တပ်မ ၉၉ ကြား ရှိခဲ့တာကြောင့် အနီးနားရှိဒေသခံများ တိမ်းရှောင်ခဲ့ရမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။