အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့များ အကြမ်းဖက်ပစ်ခတ်မှုကြောင့် မနေ့ မတ်လ ၂၄ ရက်နေ့တွင် ကျဆုံးခဲ့ရတဲ့ မိုးညှင်းမြို့နယ်က ဦးဝင်းဆွေကို ယနေ့ နေ့လည်က ပို့ဆောင်သဂြိုလ်ခဲ့ကာ ပြည်သူထောင်ချီ လိုက်ပါခဲ့ကြပါတယ်။

အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ပထမဦးဆုံး ကျဆုံးသွားခဲ့ရသူဖြစ်ကာ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဝမ်းဗိုက်ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ်။
ယမန်နေ့တွင် စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဦးဝင်းဆွေအပါအဝင် နည်းပညာတက္ကသိုလ်ကျောင်းသားဖြစ်တဲ့ ကိုစိုးနိုင်ထွန်းလည်း ဦးခေါင်ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ရတာပဲဖြစ်ပါတယ်။

နိုင်ငံတဝှမ်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုကို အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးသွားခဲ့ရတဲ့ ပြည်သူ ၃၀၀ ကျော်ရှိနေပြီဖြစ်ပေမယ့် အာဏာရှင် စစ်ကောင်စီကို ကန့်ကွက်ဆန္ဒထုတ်ဖော်မှုတွေကတော့ နေ့စဉ်မပျက် ပုံစံမျိုးစုံဖြင့် နေရာဒေသအသီးသီးမှာ ရှိနေပါတယ်။