ကချင်လူငယ်များလှုပ်ရှားမှုအဖွဲ့ (Kachin Youth Movement) မှ ဦးဆောင်ပြီး စစ်ဘေးရှောင်တွေရဲ့အိမ်ပြန်ခရီးဟာ “သိက္ခာရှိရှိနွေးနွေးထွေးထွေးလုံလုံခြုံခြုံ” ရှိသင့်တယ်ဆိုတဲ့အကြောင်း စကားဝိုင်းဆွေးနွေးမှုကို ဇွန်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ မြစ်ကြီးနားရှိ မဒီရာဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဇွန်လ ၆ ရက်နေ့မှာတော့ စစ်ဘေးရှောင်ပြည်သူများရဲ့ အမြင်၊ အတွေ့အကြုံ၊ ခံစားချက်၊ အိမ်ပြန်ခရီးစတဲ့အကြောင်းအရာများအပေါ် အမြင်ဖလှယ်မှုတွေလုပ်ဆောင်ခဲ့ကာ ဇွန်လ ၇ ရက်နေ့မှာတော့ အစိုးရအနေဖြင့် ဘယ်လိုပေါ်လစီတွေထားရှိကာ စစ်ဘေးရှောင်များရဲ့အိမ်အပြန်ခရီးအတွက် လုံခြုံဘေးကင်းမှုရှိဖို့ လုပ်ဆောင်ထားမှုတွေ၊ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေမှုတွေကို ဆွေးနွေးခဲ့ကာ ဇွန်လ ၈ ရက်နေ့မှာတော့ ပြည်သူများရဲ့ ငြိမ်းချမ်းရေးအပေါ်အမြင်တွေ နိုင်ငံတကာမှာဖြစ်ပေါ်နေမှုအပေါ်မူတည်ပြီး လုပ်ဆောင်ရမည့်အရာများစတဲ့ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။ “သိက္ခာရှိရှိနွေးနွေးထွေးထွေးလုံလုံခြုံခြုံ” ဆိုတဲ့ ခေါင်းစဉ်ကိုရွေးချယ်ပြီး စကားဝိုင်းဆွေးနွေးခြင်းက ပြည်သူများအနေဖြင့် စစ်ဘေးရှောင်များကို အမှတ်ရစေဖို့နဲ့ စစ်ဘေးရှောင်တာ ၉ နှစ်ပြည့်မြောက်ခဲ့ပြီဆိုတာကို သတိရနေဖို့ဖြစ်ကာ ယခင်နှစ်များမှာတော့ အခမ်းအနားများ၊ ဝတ်ပြုဆုတောင်းခြင်းများလုပ်ဆောင်ခဲ့ပေမယ့် ယခုနှစ်ကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခမ်းအနားမလုပ်ဆောင်နိုင်ခြင်းဖြစ်ပါတယ်။ “စစ်ဘေးရှောင်ပြည်သူများရဲ့ အိမ်ပြန်ခရီးနဲ့သက်ဆိုင်ပြီး တာဝန်ရှိသူများလုပ်ဆောင်နေကြတယ်၊ မနှစ်တုန်းက ပြဇာတ်များလုပ်ဆောင်ပြီးတော့ ကြိုးစားခဲ့ကြတယ်လေနော်၊ အစိုးရအနေဖြင့် KHCC အနေဖြင့် အိမ်ပြန်လို့ရမယ့် ရွာတွေကို သတ်မှတ်ပေးပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် မပြန်နိုင်ကြသေးဘူးပေါ့ကွယ်။ ဒါတွေနဲ့ဆက်စပ်ပြီး လုံလုံခြုံခြုံအိမ်ပြန်နိုင်ရေး အထောက်အကူပြုဖို့ ဘယ်လိုလုပ်ဆောင်ကြမလဲဆိုပြီး ကျတော်တို့တွေ သတင်းစကားပါးချင်လို့ ယခုလိုလုပ်ဆောင်ခြင်းလည်း ဖြစ်ပါတယ်” ကချင်လူငယ်များလှုပ်ရှားမှုအဖွဲ့ ကော်မတီဝင် ဆရာလရှားပေါလုက ဆိုပါတယ်။ ဇွန်လ ၉ ရက်နေ့မှာတော့ ပြည်သူများနဲ့ စစ်ဘေးရှောင်သူများအနေဖြင့် စစ်ဘေးရှောင်ဘဝကို ဘယ်တော့အခါမှ မမေ့ဖို့ ဂျန်မိုင်ကောင် ကက်သလစ်စစ်ဘေးရှောင်စခန်းတွင် မှတ်တိုင်တစ်ခုစိုက်ထူသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် အိမ်မပြန်ခင် ထောက်ပံ့တွေပေးနေသလို ကိုယ့်ရပ်ရွာဒေသကို ပြန်ချိန်တွင်လည်း သိက္ခာရှိရှိ လုံလုံခြုံခြုံဖြင့် ပြန်ခွင့်ရမည်ကို မျှော်လင့်ထားကြပါတယ်။ ၃ ရက်ဆက်တိုက်လုပ်ဆောင်တဲ့ စကားဝိုင်းဆွေးနွေးမှုမှာတော့ KTCS ကျောင်းမှ ဆရာမ ဒေါက်တာ လယန်ဆိုင်းဂျာ၊ ဝါရှောင်ဆရာတော်၊ ကက်သလစ်ဆရာတော် ဂေါ်လုယုန်းဝါ၊ လီဆူ လူမှုအဖွဲ့အစည်းမှ ဝန်လေး၊ နောင်ရှောင်ကျောင်းမှ ဆရာ အင်ခွန်လဆန်အောင်၊ မိုင်းနားစစ်ရှောင်စခန်းမှ မဘောက်နူးအောင်၊ ဂျော်မဆတ်စစ်ရှောင်စခန်းတာဝန်ခံ ဆရာမဘောမ့်မျှော်၊ မလိယန်စစ်ရှောင်စခန်းတာဝန်ခံ ဆရာဆိုင်းခေါင်၊ HI မှ ဆရာဇောင်တူး၊ KHCC မှ ဆရာခါးလီ နဲ့ အစိုးရအဖွဲ့မှ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး အဖွဲ့ညွန်ကြားရေးမှူးတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။