ကေအိုင်အိုအစိုးရထိန်းချုပ်နယ်မြေတွင် စစ်ဘေးရှောင်စခန်းသစ်တစ်ခုကို အောက်တိုဘာ ၉ ရက်နေ့က ကေအိုင်အိုမှ တာဝန်ရှိသူများနဲ့ ဌာနဆိုင်ရာများ၊ စစ်ဘေးရှောင်ပြည်သူများဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။
ယခင်စစ်ဘေးရှောင်စခန်းက ချောင်းနဘေးတွင်တည်ရှိနေပြီး ရေဘေးဒုက္ခတွေ့ကြုံခြင်းတွေနဲ့ အိမ်ထောင်စုများ ကြပ်တည်းစွာ နေထိုင်ရမှုတွေ ရှိနေတာကြောင့် ဒွန်ဘုံးစစ်ဘေးရှောင်စခန်းသစ်အဖြစ် ပြောင်းရွေ့လိုက်ခြင်းလည်း ဖြစ်ပါတယ်။

“အရင်တုန်းက ဒွန်ဘုံးစစ်ဘေးရှာင်စခန်းက ချောင်းနဘေးမှာဖြစ်တော့ နှစ်စဉ်နှစ်တိုင်း ရေဘေးသင့်လေ့ရှိတယ်၊ အိမ်တစ်အိမ်မှာ အိမ်ထောင်စု ၂ စု၊ ၃ စုပေါင်းပြီး နေရတာတွေလည်းရှိတော့ အခက်အခဲတွေ့ကြရတယ်။ စစ်ဘေးရှောင်ပြည်သူတွေ တင်ပြလာမှုတွေ ရှိလာတော့ တာဝန်ရှိသူတွေက သဘာဝဘေးလွတ်နိုင်တဲ့နေရာဘက်ကို အသစ်ပြန်ဆောက်လုပ်ပေးခြင်းဖြစ်ပါတယ်” လို့ စစ်ဘေးရှောင်ကူညီရေး ဗဟိုကော်မတီ ဥက္ကဌ ဗိုလ်ကြီး လမာဇော်ရော် ကပြောပါတယ်။
ဒွန်ဘုံးစစ်ဘေးရှောင်စခန်းသစ်က လိုင်ဇာမြို့နဲ့ မိုင်ဂျာယန်မြို့ သွားလမ်းပေါ်တွင် တည်ရှိတာဖြစ်ပြီး ယခင်စခန်းနဲ့ မဝေးတဲ့နေရာတွင် ပြောင်းရွေ့ပေးခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဇွန်လကစတင်ပြီး တည်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
၂၀၁၁ တကျော့ပြန် ပြည်တွင်းစစ်ဖြစ်ပွားလာချိန် ဒွန်ခုန်၊ မြို့သစ်၊ ကုန်းလော၊ နွမ်လန်း၊ နောင်အိမ်နဲ့ ဂျော်မော်ကျေးရွာများရှိ ပြည်သူအများစုက ဒွန်ဘုံးစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေခဲ့ကြတာဖြစ်ပြီး အိမ်ထောင်စု ၇၀ နဲ့ လူဦးရေအားဖြင့် ၃၉၄ ဦး နေထိုင်ကြတာဖြစ်ပါတယ်။