ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးခြံဝင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ် ဦးဆောင်ပြီး ပြည်သူ့စစ်အဖွဲ့က စခန်းချနေရာယူလာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ် PDF တို့ပူးပေါင်းပြီး နိုဝင်ဘာ ၄ ရက်နေ့ မနက် ၂ နာရီတွင် သွားရောက် သတိပေး ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ဝူယန်အုပ်ချုပ်ရေးရုံး ခြံဝင်တွင် တပ်စွဲနေရာယူခြင်းကို ဒေသခံများက မလိုလားနေတာဖြစ်ပြီး စာရေးသားပေးပို့ကာ အကြိမ်ကြိမ်သတိပေးထားပေမယ့် အတင်းလုပ်ဆောင်လာခြင်းကြောင့် ယခုလို သွားရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် ဒေသအသီးသီးတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ အင်အားဖြည့်တင်းခြင်း၊ တပ်စခန်းတိုးချဲ့ခြင်းများနဲ့ ပြည်နယ်တွင်းရှိ လမ်းမကြီးများတွင် ခရီးသွားပြည်သူများကို အဓမ္မငွေကြေးတောင်းခံခြင်းတွေ၊ ပြင်းထန်စွာစစ်ဆေးခြင်းတွေကို ပြုလုပ်နေတာကြောင့် ပြည်သူများ ဒုက္ခရောက်ပြီး အနှောက်အယှက်ဖြစ်နေရပါတယ်။