သတင်းမှန်စီးဆင်းမှုကို ရပ်တန့်အောင် စစ်ကောင်စီကြိုးစားနေသလား

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုသတင်းမှန်ရရှိရေး ခက်ခဲသွားစေဖို့နည်းမျိုးစုံသုံးပြီး ဖြတ်တောက်မှုတွေ သတင်းမီဒီယာတွေကို ဖိနှိပ်ဖမ်းဆီးမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာများကို ဖမ်းဆီးအရေးယူထောင်ချမှုတွေလုပ်ဆောင်ရာမှာ အချို့သတင်းမီဒီယာဌာနအဆောက်အအုံများကိုလည်း ဝင်ရောက်ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ သတင်းသမား အမြောက်အမြားရှိနေပါတယ်။

အရပ်သားအစိုးရကနေ အာဏာသိမ်းပြီးချင်း အင်တာနက်ဖြတ်တောက်လိုက်မှုတွေရှိလာခဲ့သလို ဖေ့ဘွတ်ပိတ်ပင်တာတွေ၊ သတင်းဌာနဝက်ဆိုက်ပိတ်ပင်မှုတွေကလည်း ၅၈ ရက်ရှိသွားခဲ့ပြီဖြစ်ကာ မနက် ၁ နာရီကနေ ၉ နာရီထိ အင်တာနက်ဖြတ်တောက်မှုကလည်း ၄၇ ရက် ရောက်ရှိသွားပါပြီ။

Nikkei Asia  ဂျပန်သတင်းဌာနရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံထဲတွင် FTTH စနစ်ဖြစ်တဲ့ ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှု ရယူထားတဲ့ အိမ်ခြေပေါင်း ၆ သိန်းဝန်းကျင်သာရှိတယ်လို့ဖော်ပြထားကာ ၂၀၂၀ ခုနှစ် အစောပိုင်းတွင် နိုင်ငံတွင်း အင်တာနက်အသုံးပြုသူ ၂၂ သန်းရှိတာပါ။

ပြည်သူလူထုအဓိကထား အသုံးပြုတဲ့ မိုဘိုင်းဒေတာ အင်တာနက်ဖြတ်တောက်မှုကလည်း ၁၉ ရက်တိုင်ရှိနေပြီဖြစ်သလို မြို့ကြီးနေရာအတော်များများတွင် အသုံးပြုနိုင်တဲ့ အများသုံး Wifi လည်း ၁၇ ရက်တိုင် ဖြတ်တောက်ခြင်းခံထားရကာ ယနေ့တွင်လည်း လွယ်ကူစွာသယ်ယူအသုံးပြုနိုင်တဲ့ ကြိုးမဲ့အင်တာနက်ကိုလည်း ပိတ်ပင်ထားလိုက်ပါတာကြောင့် လက်ရှိတွင် ပြည်သူကြား အင်တာနက်အသုံးပြုပြီး သတင်းမျှဝေနိုင်မှုက ၃ သန်းဝန်းကျင်သာ ရှိနိုင်ကြောင်း တွက်ဆနိုင်ပါတယ်။

ယခုလို အာဏာသိမ်းစစ်ကောင်စီက ပြည်သူလူထုရဲ့ သတင်းရယူပိုင်ခွင့် လွတ်လပ်စွာပြောဆို ထုတ်ဖော်ပိုင်ခွင့်များကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်တားဆီးနေသလို နည်းမျိုးစုံဖြင့် ဖိနှိပ်ကာ အကြောက်တရားများ သွပ်သွင်းနေမှုကလည်း ပိုမိုထင်ရှားလာခဲ့ပါတယ်။ စစ်ကောင်စီမှ အာဏာအလွဲသုံးစားလုပ်ပြီး မိုးဘိုင်းနဲ့အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီများကို ဖိအားပေးကာ ပြည်သူလူထုကြား သတင်းမှန်စီးဆင်းမှု ရပ်တန့်အောင်လုပ်ဆောင်နေပေမယ့် လူထုကတော့ ရတဲ့နည်းလမ်းများကို အသုံးပြုပြီး အာဏာရှင်စနစ်ပပျောက်ရေးအတွက် ဆက်လက်ချီတက်နေဆဲပဲဖြစ်ပါတယ်။

Leave a Reply

*