ပူတာအိုဒေသ လေယာဉ်ကွင်းဘက်ခြမ်းရှိ ကျေးရွာမှ စီးဆင်းလာတဲ့ နမ်ထောင်းတောင်ကျချောင်းရေကြီးမှုဖြစ်ပေါ်လာတာကြောင့် လွန်စွတ်ကျေးရွာ၊ လဲမီဝါချီကျေးရွာနဲ့ အနီးတဝိုက်ရွာရှိ ဒေသခံများ ခရီးသွားလာသူများ လမ်းပန်းဆက်သွယ်ရေးခက်ခဲသွားခဲ့ရပါတယ်။ တံတားဆောက်လုပ်ဖို့ တာဝန်ယူထားတဲ့ ကုမ္ပဏီအနေဖြင့် မိုးတွင်းကာလဝင်လာပြီဖြစ်ပေမယ့် တံတားပြီးစီးအောင်လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိတာကြောင့် ဒေသခံတွေအနေဖြင့် ရေကြီးချိန်သွားလာနိုင်ဖို့ သစ်သားတံတားအစားထိုးခေတ္တခဏအသုံးပြုဖို့ တည်ဆောက်စေချင်နေတာဖြစ်ပါတယ်။
“အရင်တုန်းကတော့ သစ်သားတံတားရှိခဲ့ပေမယ့် ကုမ္ပဏီတွေက ကွန်ကရစ်တံတားလုပ်ပေးမယ်ဆိုပြီး ဇန်နဝါရီလကတည်းက သစ်သားတံတားကို ဖယ်လိုက်လိုက်ပြီးတော့ အခုက တံတားဆောက်လုပ်ပြီးစီးအောင်လည်း လုပ်ဆောင်ပေးခြင်းမရှိဖြစ်နေတယ်” လို့ လုံစွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးယင်ထန်ဖုန် ကပြောပါတယ်။ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တာကြောင့် လဲမီဝါချီကျေးရွာကနေ ပူတာကို အထက်တန်းကျောင်းဘက် ကျောင်းသွားတက်သူများက ဒီချောင်းကို ဖြတ်ကူးရတာဖြစ်တာကြောင့် မိုးရွာသွန်းမှု ပြင်းထန်ရင် ကျောင်းတက်နိုင်ခြင်းမရှိဖြစ်တာကြောင့် ကျောင်းသားမိဘများက ပညာရေးအတွက် စိုးရိမ်မှုတွေ ရှိနေတာပါ။
ပူတာအိုဒေသမှာ လမ်းတံတားလုပ်ဆောင်ဖို့ များစွာလိုအပ်နေတာဖြစ်ကာ မန်နုနဲ့ မချမ်းဘော့၊ ပူတာအိုဘက်ဆက်သွယ်ထားတဲ့ တံတားလုပ်ဆောင်ပေးဖို့ ဒေသအစိုးရကို ဒေသခံများက အကူအညီတောင်းထားပေမယ့် လက်ရှိအချိန်ထိ လုပ်ဆောင်ပေးခြင်းမရှိသေးပါဘူး။