ဖားကန့်မြို့နယ်၊ ဝှေခါမှော် မြေပြိုမှုထဲမှ ဇူလိုင် ၃ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်အထိ သေဆုံးသူ (၁၇၂) ဦးရဲ့ ရုပ်အလောင်းများကို ရှာဖွေနိုင်ခဲ့ပြီဖြစ်ကာ ဒဏ်ရာရရှိသူ ၅၆ ဦးကိုလည်း ဆေးကုသမှုတွေ ပေးနေကာ မြေပြိုမှုကြောင့် ပျောက်ဆုံးသွားသူများကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်ရာ ညနေပိုင်းမှာတော့ မြေဇာပုံပြန်လည် ပြိုကျလာမည့် အလားအလာရှိနေတာကြောင့် ရပ်နားခဲ့ရပါသေးတယ်။ မြေပြိုမှုတွင် သေဆုံးသူများကို ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ရှာဖွေမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်သွားမှာဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူများကိုတော့ ဝှေခါတိုက်နယ်ဆေးရုံ၊ ဖားကန့်ဆေးရုံကြီးနဲ့ မြစ်ကြီးနားဆေးရုံကြီးတွေမှာ ဆေးကုသမှုခံယူနေကြပါတယ်။
ရှာဖွေရရှိတဲ့ ရုပ်အလောင်း ၁၀၀ ကျော်ကို ဝှေခါ သုဿန်မှာထားရှိထားကာ သေဆုံးသွားတဲ့ ကချင်လူမျိုးရုပ်အလောင်းများကိုတော့ ဇူလိုင် ၃ ရက်နေ့က မြေမြုပ်သင်္ဂျိုလိုက်ပြီဖြစ်ပြီး အချို့ရုပ်အလောင်းများကိုတော့ သင်္ဂျိုမှုတွေမလုပ်ရသေးဘူးလို့ ဝှေခါ ပတ်ဂျီဆန်အဖွဲ့ အတွင်းရေးမှူး ဦးအင်ခွန်တန်ဂွန်းက ပြောပါတယ်။ မြေပြိုမှုဖြစ်ပွားတဲ့နေရာဘက်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ မြောက်ပိုင်းတိုင်း တိုင်းမှူးနဲ့ ကချင်ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းတို့ လာရောက်ကြည့်ရှုခဲ့ကာ အသက်ဆုံးရှုံးသွားသူများရဲ့ ကျန်ရစ်မိသားစုဝင်များနဲ့ ဒဏ်ရာရရှိသူများကို ကူညီမှုပြုလုပ်နိုင်ဖို့ ဆေးနွေးတိုင်ပင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဖားကန့်ဒေသတွင် ယခုလိုမြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေ သေဆုံးနေမှုက မကြာခဏဖြစ်ပွားနေပေမယ့် အခုဖြစ်ရပ်ကတော့ အဆိုးရွားဆုံးတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ဒီဖြစ်ရပ်နဲ့သက်ဆိုင်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုင်အနေဖြင့် အသက်ဆုံးရှုံးသူများနဲ့ ထိခိုက်ဒဏ်ရာရခဲ့ခြင်းအပေါ် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း ထုတ်ပြန်ထားသလို ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့၊ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (ဖားကန့်)၊ ကချင်အနုပညာရှင်များအသင်းချုပ်နဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် စတဲ့အဖွဲ့အစည်းများကလည်း အသီးသီးထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ကာ အချို့သော နိုင်ငံခြားသံရုံးများနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးလည်း ဝမ်းနည်းကြောင်းပြောကြားခဲ့ပါတယ်။