ဝေကျိုင်စစ်ဘေးရှောင် မူလတန်းကျောင်းရှိ ကျန်းမာရေးကော်မတီကနေဦးစီးကျင်းပတဲ့ အောက်တိုဘာ ၁၅ ရက်နေ့တွင်ကျရောက်သော “ကမ္ဘာ့လက်ဆေးခြင်းနေ့” အထိမ်းအမှတ်အဖြစ် ကျောင်းသားများ လက်ဆေးပြိုင်ခြင်းအခမ်းအနားကို အောက်တိုဘာ ၁၆ ရက်နေ့ ကျောင်းဝင်းထဲတွင် ကျင်းပခဲ့ကြောင်းသိရှိရပါတယ်။
ကျောင်းသားများ နည်းလမ်းမှန်ကန်စွာ လက်ဆေးတတ်စေရန်နှင့် COVID-19ရောဂါကို နည်းလမ်းတကျကာကွယ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ကြောင်း ဝေကျိုင်စစ်ဘေးရှောင်မူလတန်းကျောင်းအုပ် ဆရာမကြီး ပရီဆိုင်း ကပြောပါတယ်။
ပွဲစဉ်တွင်ကျန်းမာရေးကော်မတီမှသတ်မှတ်ထားသော ဆရာမ (၄) ဦးမှ ဒိုင်လူကြီးလုပ်ကာ ကျောင်းသားများကိုကြီးကြပ်ပေးခဲ့ပါတယ်။
သူငယ်တန်း A,B,C အခန်းမှကျောင်းသားများက လက်ဆေးသီချင်းနှင့်တေးသရုပ်ဖော်ယှဉ်ပြိုင်ခြင်း၊ ပထမတန်းမှကျောင်းသားများက လက်ဆေးပုံအဆင့်ဆင့်ကို ရေမပါပဲဟန်ရေးပြ ယှဉ်ပြိုင်ခြင်းနှင့် ၂ တန်း ၃ တန်းနဲ့ ၄တန်းမှ ကျောင်းသားများကတော့ ရေနှင့်ဆပ်ပြာဖြင့်လက်ဆေးယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။
ပြိုင်ပွဲအတွင်း ပထမ, ဒုတိယ, တတိယရရှိသော ကျောင်းသားများကို လက်ဆောင်များချီးမြှင့်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့သောကျောင်းသားများကိုလည်း နှစ်သိမ့်ဆုပေးခဲ့ကြောင်း သိရှိရပါတယ်။
“ကမ္ဘာ့လက်ဆေးခြင်းနေ့” အထိမ်းအမှတ်ကို လွန်ခဲ့သောနှစ်တွင် ခမ်းနားစွာမလုပ်ဆောင်ခဲ့ပေမယ့် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသောအချိန်ဖြစ်ခြင်းကြောင့် လက်ဆေးခြင်းကို အဓိကရည်ရွယ်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန် ဝေကျိုင်စစ်ဘေးရှောင် မူလတန်းကျောင်းတွင် ကျောင်းဆရာ ( ၂၅ယောက် ) ဖြင့် ကျောင်းသား (၂၃၃) ဦးကို ပညာသင်ကြားပေးနေတာဖြစ်ပါတယ်။