ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ အာဏာသိမ်းစစ်တပ် ခလရ (၅၈) အနီး ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် ပြည်သူတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ရကြောင်း သိရပါတယ်။

သေဆုံးသွားခဲ့ရသူကတော့ ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာမှ အသက် ၅၀ အရွယ် ဦးခေါဇုံးဖြစ်ကာ ကဝါးချောင်းကျေးရွာအနီး လယ်လုပ်ကိုင်ဖို့အသွားလမ်းတွင် ပစ်ခတ် သတ်ဖြတ်လိုက်တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်များက ညနေပိုင်း ၉ နာရီကနေ မိနစ် ၃၀ ကြာ အနီးဝန်းကျင်ဘက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်နေခဲ့ကာ ရည်ရွယ်ချက်ရှိရှိ ပစ်သတ်ခြင်းလား၊ တပ်အနီးဖြတ်သန်းသွားလာနေစဉ် ကျည်ထိမှန်သွားခဲ့ရခြင်းကို အတိအကျမသိရှိရသေးကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
သေဆုံးသွားတဲ့ ဦးခေါဇုံးရဲ့ ရုပ်အလောင်းကို ဩဂုတ်လ ၂၈ ရက်နေ့တွင် ဒေသခံများ ပြန်လည်သယ်ဆောင်လာစဉ်တွင်လည်း အာဏာသိမ်းစစ်တပ်က သေနတ်ရမ်းသမ်းပစ်ခတ်မှုတွေရှိခဲ့သလို ရုပ်အလောင်းကို ဆေးရုံကြီးတွင် လွဲပြောင်းထားပါတယ်။
ယနေ့ ဩဂုတ်လ ၂၈ ရက် ညနေပိုင်း ၁ နာရီတွင်လည်း ခလရ ၅၈ မှ ကျေးရွာဘက် လက်နက်ကြီးများ ပစ်ခတ်လိုက်တာကြောင့် ခကွမ့်ကျေးရွာရှိ နေအိမ် ၂ လုံးထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။
ဩဂုတ်လ ၇ ရက်နေ့တွင်လည်း တပ်စခန်းရှေ့ဖြတ်သန်းသွားလာနေတဲ့ အပြစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦးကို ပစ်ခတ်ခံလိုက်ရကာ ကျည်ထိမှန်သေဆုံးမှုတစ်ခု ရှိခဲ့ဘူးပါတယ်။
ဇူလိုင် ၂၉ ရက်တုန်းက ခလရ ၅၈ တပ် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း အနီးဝန်းကျင်ဘက် တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် လက်နက်ကြီး လက်နက်ငယ်များကို ရမ်းသမ်းပစ်ခတ်နေခဲ့တာကြောင့် ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရသလို ပြည်သူများရဲ့ နေအိမ် လက်နက်ကြီးကျည်ထိမှန်ပျက်စီးခြင်းနဲ့ အိမ်မွေးတိရိစ္ဆာန်များသေဆုံးမှုတွေ ရှိခဲ့ပါတယ်။