ဝိုင်းမော်ရှိ ခလရ ၅၈ တပ်အနီးက ကျေးရွာအချို့ စစ်ဘေးရှောင်နေရ

ဝိုင်းမော်မြို့တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ် ခလရ ၅၈ မှ အရပ်သားပြည်သူတွေရှိတဲ့ ကျေးရွာများဘက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုလုပ်ဆောင်နေတာကြောင့် အသက်အန္တရာယ်စိုးရိမ်ဖွယ် ဖြစ်ပွားလာကာ မဒိန်းကျေးရွာ၊ လဘန်ကျေးရွာရှိ ဒေသခံပြည်သူအများစု ဩဂုတ် ၁၄ ရက်နေ့မှာတော့ ဝိုင်းမော်မြို့ဘက် စစ်ဘေးရှောင်ခဲ့ကြရပါတယ်။

“အာဏာသိမ်းစစ်တပ်က ယနေ့မှာပဲ လက်နက်ကိုင်အဖွဲ့တွေ လာရောက်တိုက်ခိုက်တာကြောင့် ခုခံတိုက်ခိုက်ချိန် ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိလာမှာကြောင့် လုံခြုံတဲ့နေရာဘက် ရွှေ့ပြောင်းကြဖို့ ကြေညာနေတယ်၊ အဲ့ဒါကြောင့် မဒိန်းနဲ့ လဘန်ကျေးရွာအပြင် အနီးဝန်းကျင်က ဒေသခံတွေအများစုက ဝိုင်းမော်ဘက် နီးစပ်ရာဆွေမျိုးတွေဆီ တိမ်းရှောင်နေကြရတာပေါ့” လို့ တိမ်းရှောင်နေရတဲ့ ပြည်သူတစ်ဦးကပြောပါတယ်။

ဇူလိုင် ၂၉ ရက်နေ့က ဝိုင်းမော်တွင်တပ်စွဲထားတဲ့ ခလရ ၅၈ တပ်ကို ကေအိုင်အေမှ ဝင်ရောက်တိုက်ခိုက်ခဲ့အပြီး နောက်ပိုင်း နေ့တိုင်းလိုလို လက်နက်ကြီး လက်နက်ငယ်တွေပစ်ခတ်နေတာကြောင့် စိုးရိမ်ပြီး ပြည်သူ ၁၀၀ ကျော်က ဝိုင်းမော်ဘက် တိမ်းရှောင်နေကြပြီးလည်း ဖြစ်ပါတယ်။

ဩဂုတ်လ ၁၃ ရက်နေ့ ညမှာတော့ ဆိုင်ကယ်စီးနင်းလာတဲ့ လင်မယားကို အာဏာသိမ်းစစ်တပ်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်လိုက်တာကြောင့် အမျိုးသမီးသေဆုံးခဲ့ရသလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးခြင်း၊ အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့ရမှုတွေလည်း ရှိခဲ့ပါတယ်။

Leave a Reply

*