တနိုင်း-လီဒိုလမ်းပိုင်း ဝါရာဇွပ်တံတားအနီး ယနေ့ စက်တင်ဘာ ၇ ရက်နေ့ မနက် ၈ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ကို ကေအိုင်အေ တပ်မဟာ (၂) တပ်ရင်း (၁၄) မှ မိုင်းဆွဲတိုက်ခိုက်လိုက်ကြောင်း သိရပါတယ်။
မရန်ကထောင်ကျေးရွာကနေ ခြေလျင်ဖြင့် စစ်ကြောင်းလှုပ်ရှားလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ (၈၈) က ကေအိုင်အေတပ်ရင်း (၁၄) နယ်မြေဘက် ထိုးစစ်ဆင်လာခြင်းကြောင့် ကေအိုင်အေတပ်မှ မိုင်းဖြင့် ၄ ကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှု ၁၀ ဦးထက်မနည်း ရှိခဲ့ကြောင်း ခိုင်လုံတဲ့သတင်းရင်းမြစ်အရ သိရပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်ဆတ်ကျေးရွာဟောင်းအနီးတွင် ယနေ့ မနက် ၉ နာရီခွဲတွင် ကေအိုင်အေတပ်မဟာ (၆) တပ်ရင်း (၉) နဲ့ အကြမ်းဖက် စစ်ကောင်စီကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ (၇၇)နဲ့ တပ်မ (၉၉) တို့က အင်အား ၂၀၀ ဝန်းကျင်ဖြင့် နမ့်ဖတ်ကာဘက်ကနေ ကေအိုင်အေတပ်ရင်း (၉) နယ်မြေဘက် ထိုးစစ်ဆင်လာတာကြောင့် ကေအိုင်အေတပ်မမှ ကြားဖြတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေချိန် နမ့်ဖတ်ကာ တပ်စခန်း ခလရ (၁၂၃) မှ လက်နက်ကြီး ပစ်ကူပေးမှုတွေ ပြုလုပ်နေခဲ့ကာ နေ့လည် ၁၂ နာရီခန့်မှာတော့ ဂျက်တိုက်လေယာဉ်ဖြင့်လည်း လာရောက်တိုက်ခိုက်မှု လုပ်ဆောင်နေခဲ့ပြီး ညနေ ၃ နာရီအချိန်ထိလည်း လက်နက်ကြီးပစ်ခတ်သံ ကြားနေခဲ့ရကြောင်း သိရပါတယ်။
ယမန်နေ့ ကွတ်ခိုင်မြို့အထွက် မော်ဟစ်ရွာအနီး ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားချိန် အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ကျေးရွာအတွင်း ပစ်ခတ်လိုက်တာကြောင့် ဒေသခံ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးနဲ့ ၃၅နှစ်အရွယ် အမျိုးသားတစ်ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကာ ဆေးဝါးကုသမှု ခံယူနေကြရပါတယ်။