ဝက်ရောဂါဖြစ်ပွားပြီးနောက် ဝက်မွေးမြူသူလျော့နည်းလာ

လွန်ခဲ့တဲ့ မတ်လနဲ့ ဧပြီလအတွင်း ဝက်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း နယ်စပ်တဝိုက်ရှိ စစ်ဘေးရှောင်စခန်းရှိတဲ့ လိုင်ဇာ၊ ဝေကြိုင်၊ ဂျယ်ယန်၊ ဖုန်လွန်ယန်နေရာတွေမှာ ဝက်မွေးမြူရေးလုပ်သူတွေ လက်ရှိအချိန်တွင် လျော့နည်းသွားကြောင်း သိရပါတယ်။ အဲ့ဒီနေရာတွေရှိတဲ့ စစ်ဘေးရှောင်သူတွေကို မေတ္တာလူမှုကူညီရေးအဖွဲ့အစည်းမှ ဝက်မွေးမြူရေးလုပ်ငန်းလုပ်ဆောင်ဖို့ ရင်းနှီးငွေထောက်ပံ့ပေးထားကာ ယခုနှစ်ဖြစ်ပွားတဲ့ ဝက်ရောဂါက ယခင်ဖြစ်ပွားတဲ့ ဝက်ရောဂါထက် ကူးစက်လွယ်ကူတာကြောင့် သေဆုံးမှုများပြားခဲ့ရပါတယ်။ “ကျမမွေးထားတဲ့ ဝက် ၇ ကောင်မှာ ၆ ကောင်က ဝက်ရောဂါဖြစ်ပြီး သေဆုံးသွားတာကြောင့် ဝက်မွေးမြူရေးမလုပ်ချင်တော့ဘူး။ အခုကတော့ ဈေးရောင်းဖို့လည်း အရင်းအနှီးမရှိတော့ ခက်ခံနေရပါတယ်” လို့ ဖုန်လွန်ယန်စစ်ဘေးရှောင်စခန်းမှာ ဝက်မွေးမြူရေးလုပ်နေတဲ့ ဒေါ်မဂျီရွယ်က ပြောပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ မှီတင်းနေထိုင်ကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေအနေဖြင့် ဝက်မွေးမြူရေးကို စီးပွားဖြစ်ဖြင့် လုပ်ဆောင်နေကြတာမဟုတ်ပေမယ့် ငွေစုတဲ့သဘောနဲ့ ကျောင်းတက်နေတဲ့သားသမီးများကို ကူညီထောက်ပံ့နိုင်ဖို့ မွေးမြူကြခြင်းဖြစ်ကာ ယခင်နှစ် မတ်လနဲ့ ဧပြီလတုန်းကလည်း ဝက်ရောဂါကျတာကြောင့် ဖုန်လွန်ယန်စစ်ဘေးရှောင်ပြည်သူများရဲ့ ဝက်အကောင်ရေ ၄၀ ကျော်ဆုံးရှုံးမှုရှိခဲ့ကြောင်း စခန်းကော်မတီထံမှ သိရှိရပါတယ်။ ဝက်ရောဂါဖြစ်ပွားခြင်းကြောင့် ဝက်သားရောင်းဝယ်သူတွေလည်း ဝက်ရှားပါးမှု အခက်အခဲဖြစ်ပွားခဲ့ကာ လက်ရှိအချိန်တွင် လိုင်ဇာမြို့တွင်း ရောင်းတဲ့ဝက်သားများကို ပါဂျောင် ရှအိတ်ယန်ဘက်ရှိ ဝက်များကို ရှာဖွေရောင်းဝယ်ခြင်းဖြစ်ကြောင်း ဝက်ကုန်သယ်တွေက ပြောပါတယ်။ ဝက်ကျန်းမာရေးအတွက် ဗဟိုမွေးမြူရေးဌာနမှ ရောဂါကာကွယ်ဆေးကို တစ်နှစ်တစ်ခါလိုက်လံထိုးနှံပေးမှုရှိပေမယ့် ဝက်ရောဂါဖြစ်ပွားမှုက တစ်နှစ်မှာ အနည်းဆုံး တစ်ခါဖြစ်ပွားတာကြောင့် ရောဂါဖြစ်ပွားပြီးသေဆုံးသွားတဲ့ ဝက်များထဲတွင် ဝက်မွေးမြူရေးကို အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ဆောင်နေတဲ့ စစ်ဘေးရှောင်အိမ်ထောင်စုများအတွက် မျှော်လင့်ထားမှုတွေဖြစ်မလာခြင်းကြောင့် စိတ်သောက ရောက်နေကြရပါတယ်။

Leave a Reply

*