လွမ်းမောဖွယ် အလှမှ ရင်မောဖွယ် ဘဝသို့

လှပသော ရှုခင်းကို ကြည့်ရှုရခြင်းသည် ရင်သပ်ရှုမောဖွယ် ရသ ကို ခံစားစေနိုင်သကဲ့သို့ လွမ်းမောဖွယ်ခံစား ချက်များကိုလည်းပေးစွမ်းနိုင်သည်။ ဧရာဝတီမြစ်၏ အလှဆုံးနေရာဖြစ်သော မြစ်ဆုံသည် မြစ်ကြီးနားမြိ ု ့ မှ ၂၈ မိုင်သာ ဝေးသည် ဖြစ်၍ ရင်မောချင်သူ၊ လွမ်းမောချင်သူ ပြည်တွင်းပြည်ပ ဧည့်သည်များသည် ကျောက်တုံးကျောက်ဆောင်များ ကြားမှ လှိုင်းတံပိုးနှင့် အရှိန်အဟုန်ပြင်းထန်စွာ စီးဆင်းသည့် မြစ်ဆုံသိုု့သွားရောက်ကြသည်။

ယခု တည်ဆောက်လျက်ရှိသောမြစ်ဆုံရေကာတာ စီမံကိန်းအတွက် အသုံးပြုမည့် ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းလျက်ရှိသည့် ကန်ပိုက်တီလမ်းကို ကေအိုင်အေမှ ပိတ်ဆို့တားဆီးခဲ့ပါက မြစ်ကြီးနားမြို့ပေါ်ရှိ ကုန်မာဆိုင်များမှ တွေ့ကရာဘိလပ်မြေများ၊ မြန်မာပြည်ထုတ်သံများကို အသုံးချကာ ဆက်လက်တည်ဆောက် သွားမည်ဟု ယူဆရသည်။ ထိုသို့ကုန်မာဆိုင်မှ ဘိလပ်မြေများ၊ သံများကို အသုံးပြ၍ တည်ဆောက် မည်ဆိုလျင် ရေကာတာ၏ ရေရှည်ခိုင်ခံ့မှုကို လုံလောက်သော အာမခံချက်ပေးနိုင်မည် မဟုတ်ပါ။ ဥပမာအနေနှင့် မန္တလေးကျုံးပတ်လည် ပြန်လည်တူးဖော်၍ ကွန်ကရစ်ကန်အဖြစ် ဖော်ထုတ်ပြောင်းလဲစဉ်က အစိုးရထုတ်ပေးသည့် ဘိလပ်မြေ များသည် မြို့ပေါ်ရှိ ဘိလပ်မြေဆိုင် အသီးသီး သို့ရောက်သွားပြီး ထိုဆိုင်မှ ဘိလပ်မြေနှင့်တူသော မြေသားများရောစပ်ထားသည့် ဘိလပ်မြေများကို ဆောက်လုပ်ရေးအဖွဲ့မှ ပြန်လည် ထုတ်ယူကာ ရရှိသည့် အမြတ်များကို ခွဲဝေစားသောက်ကာ မန္တလေးကျုံးကို ပြန်လည်တည်ဆောက်ခဲ့သည်ကို ကိုယ်တွေ ့ သိခဲ့ရသည်။

ထိုကဲ့သို့ တည်ဆောက်ခဲ့သော ကျုံးသည် ရေလှောင်ကန်သာဖြစ်ပြီး ဆည်မဟုတ်ပါ။ ယခု မြစ်ဆုံရေကာတာသည် အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသော ရေအား ကိုတားဆီးရမည်ဖြစ်သည်။ မည်သည့်နိုင်ငံမှတင်သွင်းလာသည့် ဘိလပ်မြေမဆို မြစ်ကြီးနားသို့ ရောက်ရန် ဘူတာပေါင်းများစွာကို ဖြတ်သန်းရမည်ဖြစ်သည်။ ထို့ကြောင့် မြစ်ကြီးနားရောက်သောအခါ ထို ဘိလပ်မြေများ၏ အရည်အသွေးပြည့်မီ နေအုံးမည်ဟု အာမခံချက်မရပါ။ ထိုသို့ ဘိလပ်မြေများနှင့် တည်ဆောက် ထားသည့် ရေကာတာသည် ရေရှည် အာမခံချက် မရှိပဲ ပြိုကျခဲ့သည်ရှိသော် အနီးဆုံးတွင်ရှိသော မြစ်ကြီးနားမြို့ကြီး အပါအဝင် အခြား မြို့ရွာများ ပျက်ဆီးမည်ဖြစ်သည်။ ယင်း အပျက်အစီး ဆုံးရှုံးမှုကို မည်သူက တာဝန် ခံပေးမည်ဆိုသည်မှာ မေးခွန်းတခုဖြစ်ပါသည်။

ရေကာတာကြီး ပြီးဆုံးသွားပါက နိုင်ငံခြားခရီးသွားဧည့်သည်များအနေနှင့် မြစ်ဆုံ၏ သဘာဝအလှအစား ရေရှည်အတွက် အာမခံချက်မရှိသည့် ရေကာတာကို ဒေသခံလူမျိုး များကို စိုးရိမ်သနားစိတ်နှင့် လာရောက်ကြည့်ရှုသောအခါ လွမ်းမောဖွယ်အလှအစား ရင်မောဖွယ်များကို တွေ့ မြင်ခံစားရမည်ဖြစ်သည်။ မြစ်ဆုံအလှ နေရာတွင် အစားထိုး ဝင် ရောက်လာမည့် အန္တရယ်များပြီး အာမခံချက်မရှိသည် ့ လူနေမှုအတွက် ရင်မောလှပါသည်။

မြစ်ဆုံရေကာတာ စီမံကိန်းသည် ပြည်ထောင်စု ဟု ခေါ်သော မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်မှု အတွက် ရည်ရွယ်သော စီမံကိန်း ဖြစ်သည်မှာသေချာ၏လော။ ပြည်တွင်း ပြည်ပ မှအာလုံး အပြင်းအထန်း ဝန်းဝိုင်း ကန် ့ ကွက် နေသည်. ကြား မှပင်၊ လက်ရှိ မြန်မာ အစိုးရ က မဖြစ်မနေ လုပ်ဆောင်နေရ သည်မှာ အဘယ်ကြောင့်နည်း။ မြစ်ဆုံရေကာတာကြီး ပြိုကျ ခဲ့သော် ထိုဒေသခံ လူမျိုး များမျိုးတုံးပျောက်ကွယ် သွားနိုင်သည်မှာ သချာင်္သီအိုရီ ထုတ်ပြရန် မလိုပါ။

ဒုတိယကမ္ဘာစစ်အတွင်း စစ်ဆုတ်ရန်အတွက် ဆောက်လုပ်ခဲ့သော စတီးဝဲလ်လမ်းမကြီးသည် လီဒိုမြို့ထိ ဆက်သွယ်ထားသည် ဖြစ်၍ လီဒိုလမ်းမ ဟုခေါ်ဆိုခဲ့ကြပါသည်။ သို့သော်လည်း ထိုလမ်းမကြီးကို ပြုပြင်ထိန်းသိမ်းမှုမပြုပဲ သမိုင်းဝင်အမွေအနှစ်များကို လျစ်လျူရှုခဲ့သည်မှာ ဆယ်စုနှစ်များစွာကြာလှပါပြီ။ လေယဉ်ပေါ်မှ ကြည် ့လျင်လှပသော သစ်တောကြီးများကြား ပေတံတစ်ချောင်းချထားသကဲ့သို့ ဖြောင့်တန်း သောလမ်းမကြီးကို ကြည့်ရသည်မှာလည်း ရင်သပ်ရှုမောဖွယ်ကောင်းလှပါသည်။

ဒေသခံများသည် သစ်တော တန်းကြီးကို မှီခိုရင်း တောင်ယာခုတ်လယ်လုပ်ခဲ့သည်မှာလည်း နှစ်ပေါင်းကြာမြင့်ခဲ့ပါပြီ။ ဒေသခံများ၏ လယ်ယာမြေများမှာ အစိုးရအဆက်ဆက်မှ အသိပညာပေးခြင်းမရှိခဲ့သဖြင့် ဥပဒေနှင့် အညီ ပိုင်ဆိုင်ခွင့်စာရွက် စာတမ်းများ မရှိကြပေ။ ယခုတွင်တော့ ထိုနေရာများကို ယုဇနကုမ္မဏီမှ လမ်းတစ်ဖက်လျင် ၄ မိုင်စီ အစိုးရထံမှ အခွင့်ယူပြီး စက်ယန္တယားများ၏ အကူအညီဖြင့် ခုတ်ထွင်ရှင်းလင်းဖျက်ဆီးပစ်သဖြင့် ကန္တာရသဖွယ်ပြောင်ရှင်း နေပြီဖြစ်သည်။ ဒေသခံများ၏လယ်ယာမြေများကိုလည်း သိမ်းယူကြပါသည်။ ဒေသခံများမှာ သက်ဆိုင်ရာ အစိုးရထံသို့ တိုင်ကြား နိုင်ခြင်း မလုပ်နိုင်ကြပါ။ တိုင်ကြားမှုပြုသည့် တဦးနှစ်ဦးကိုလည်း လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အသွင်ကူးပြောင်းသည်ဖြစ်၍ စက်မှုလယ်ယာကို အားပေးရမည်ဟူသော အဖြေမျိုးကို သာပေးလေ့ရှိပါသည်။ စက်မှုလယ်ယာစနစ်ကိုကြိုဆိုပါသည်။

သို့သော် လူတိုင်းစက်မှုလယ်ယာသို့ ကူးပြောင်းသွားနိုင်သည်မဟုတ်ပါ။ အရင်းရှင် လက်တဆုပ်သာလျင် တတ်နိုင်ပြီး လူအများစုမှာ လယ်ယာအသိမ်းခံရ၍ အသက်မွေး ဝမ်းကျောင်းရန် ခက်ခဲလာသည်ကို တွေ့မြင်နိုင်ပါသည်။ ရွာနီးချုပ်စပ်သာမက နေအိမ်အနီးပါ မကျန် လယ်ထွန်စက်ကြီးများဖြင့် ထွန်ယက်ခြင်း၊ စက်ယန္တယားများဖြင့် ခုတ်ထွင်ရှင်းလင်းခံရခြင်း၊ ကျေးရွာရှိကျွဲနွားများအတွက် စားကျက်မချန်ပေးခြင်း၊ ယုဇနစိုက်ခင်းသို့ ဝင်လာသည့် ကျွဲနွားများကို အဆိပ်ကျွေးသတ်ခြင်းများ ပြုလုပ်ခြင်းကြောင့် လီဒိုလမ်းမပေါ်နေထိုင်သည့် ကျေးရွာသူကျေးရွာသားများမှာ နေ့စဉ်ရက်ဆက် မျက်ရည်နှင့် မျက်ခွက်ဖြစ်ပါသည်။ ဒေသခံ တောင်သူများမှ တတ်နိုင်သူ အချို့က အစိုးရထံသို့ မြေလွတ်မြေရိုင်းများအား နှစ်ရှည်သီးနှံ စိုက်ပျိုးရန် တောင်းဆိုမှုများကိုလည်း ယုဇနလုပ်ကွက်နှင့် မလွတ်ဟု ပြန်လည်ပြောကြားကာ ၁၀၅/၁၀၆ အပါအဝင်မြေနှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့်များ ချထားပေးခြင်းမရှိပါ။

ဟူးကောင်းချိုင့်ဝှမ်းအပါအဝင် လီဒိုလမ်းတလျောက်ရှိ သိမ်းဆည်း ထားသည့် လယ်ယာမြေများတွင် ကချင်ပြည်နယ်သည် မြန်မာပြည်၏ စတုထ္ထစပါးကျီဖြစ်ရမည်ဟု ဆိုင်းဘုတ်များ စိုက်ထားသော်လည်း အမှန်တကယ်စိုက်ပျိုးသည်မှ စပါးမဟုတ်ပဲ ပီလောပီနံများသာ ဖြစ်နေသဖြင့် စိုက်ထူထားသည့် ဆိုင်းဘုတ်များကို အားနာလှပါသည်။

ပီလောပီနံများကို မိုင်ပေါင်းများစွာစိုက်ပျိုးထားပြီး ပီလောပီနံအားနိုင်ငံခြားပို့ကုန်အဖြစ် ရောင်းချနိုင်သော နိုင်ငံဖြစ်ရန်အတွက် ကြိုးစားနေပုံရပါသည်။ ယုဇနကုမ္မဏီအားမေးလိုက်ချင်ပါသည်။ ကိုလိုနီခေတ်တွင် မြန်မာပြည်ကြီးသည် ချစ်တီးများအပါအဝင် အရင်းရှင်၊မြေပိုင်ရှင်များကြောင့် မြန်မာပြည်သားများဒုက္ခရောက်ကြရပါသည်။ ချစ်တီးများ သိမ်းပိုက်ခဲ့ဘူးသော မြေနေရာများသည် လက်ရှိယုဇနမှ သိမ်းပိုက်လိုက်သည့် မြေနေရာများလောက် ကျယ်ဝန်းမှုရှိပါရဲ့လား။ မြေစာရင်းဌာနတွင်တော့ မှတ်တမ်းမှတ်ရာ များကျန်ခဲ့မည်ဖြစ်ပါသည်။

လယ်မြေအသိမ်းခံရသူလယ်သမားများ၏ ခံစားချက်သည် ကိုလိုနီခေတ်တွင် ချစ်တီးများကြောင့် ခံစားရသည်များထက်လျော့မည် မဟုတ်ပါ။ ကိုယ်ချင်းစာစေချင်ပါသည်။ ကိုလိုနီခေတ်တွင် အရင်းအနှီး ထုတ်ပေးကာ အကြွေးဆုံးသော လယ်မြေများကိုသိမ်းသည့် ချစ်တီးများကို အရင်းရှင်မြေပိုင်ရှင်ဟု ခေါ်ကြလျင် ယုဇနကုမ္မဏီ၏ အာဏာအားကိုး လယ်ယာမြေသိမ်းပိုက်မှုကိုတော့ အာဏာရှင်မြေပိုင်ရှင်စနစ်ဟု အမည်တပ်ရမည့် စနစ်သို့ ကူးပြောင်းနေပြီလား . . . သို.မဟုတ် မြစ်ဆုံရေကာတာ စီမံကိန်းကြီး အောက် မှ လွတ်မြောက် ကျန်ခဲ့နိုင်သော သူများကို အမြစ်ပြတ် ချေးမှုန်းရေစီမံကိန်းလော… ရင်မော်မိပါသည်။

ယခင်က ဝေဟင်မှ လှပရင်မောစွာခံစားကြည့်ရှုခဲ့သော တောတန်းနှင့် ဖြောင့်တန်းသောလီဒိုလမ်းအား ယခုဝေဟင်မှကြည်လျင် သစ်တောသစ်ပင်ကင်းသော မိုင်ပေါင်းရာချိီ ရှည်လျားသည့် ဖုန်းဆိုးမြေအဖြစ် ပြောင်းလဲသွားသည်ကို ရင်မောစွာတွေ့ရမည်ဖြစ်သည်။

မြစ်ဆုံ၏အလှများ၊ လီဒိုလမ်းတစ်ဖက်တချက်ရှိ စိမ်းစိုထူထပ်သော တောတန်းများနှင့်အတူ ပျောက်ကွယ်သွားသည့် အရာများတွင် ဟူးကောင်းမြေမှတောရိုင်းတိရိစ္ဆာန်များလည်း ပါသည်။ ဟူးကောင်းကျားထိန်းသိမ်းရေးဟူသော ဆိုင်းဘုတ်တပ်ထားသောလည်း ယင်းဒေသရှိ ကျား၊ ဆင်အပါအဝင် တိရိစ္ဆာန်အမျိုးမျိုးတို့မှာ စားကျက်မြေရှားပါးလာသဖြင့် နာဂတောင်တန်းကို ဖြတ်ကျော်ကာ အန္ဒိယနို်င်ငံသို့ ပြောင်းရွေ့သွားကြပြီဖြစ်သည်။ ယုဇနကုမ္မဏီမှ တရကြမ်းမြေသိမ်း၊ တောရှင်းမှုများကြောင့် တောရိုင်းတိရိစ္ဆာန်များမှီတင်းနေထိုင်ရာ စားကျက်များပြောင်ရှင်း သွားသည်မှာ သိသာလှ သည်သာမက မိမိနို်င်ငံမှ တိရိစ္ဆာန်များ အခြားနိုင်ငံသို့ပြောင်းရွေ့သွားသည် ဟူသည်မှာ နိုင်ငံသိက္ခာကျလှပါသည်။

ကမ္ဘာကျော် တော်ဝင်ကျောက်စိမ်း ( Imperial Jade ) ထွက်ရှိရာ ဖားကန့်ဖက်သို့လည်း ကြည့်ကြ ပါအုံးစို့။ နှစ်စဉ်ဒေါ်လာသန်းပေါင်းများစွာတန်သည့် ကျောက်များထွက်ရာ ဖားကန့်သို့တက် သော ဖားကန့်– မြစ်ကြီးနားလမ်းမှာ ဒေါ်လာသန်းပေါင်းများစွာတန်သည့် ရတနာမြေသို့သွားရာလမ်း ဟု ပြောရန်ခက်ပါသည်။ မိုးတွင်းတွင်တော့ ဗွက်တောထဲတွင် ရုန်းကန်သွားရသလို၊ နွေရာသီ ရောက်လျင်တော့ မုန့်လင်မယားဗန်းပေါ်ကားဆိုင်ကယ်မောင်းရသည့် အလား တနာရီလျင် ငါးမိုင်ပြည် ့အောင်မောင်းနိုင်သည့် နေရာမှာရှားလှပါသည်။ သဲကန္တရတွင်မနေဖူးသဖြင့် သဲမုန်တိုင်း အကြောင်းမသိသော်လည်း ဖားကန့်မှ ဖုန်မုန်တိုင်းကတော့ ပြောစမှတ်ပြုရလောက်အောင် ဆိုးဝါးပါသည်။

ဖားကန့်နှင့် တနိုင်းတက်မည်ဆိုလျင် တိမ်တိုက်ကြားမောင်းဝင်သွားသည့် လေယဉ်ပမာ မည်သည့်အရာမှ ကောင်းစွာမြင်ရမည်မဟုတ်ပဲ ဖုန်တိုက်ကြားထဲသို့ ဖြတ်သန်း မောင်းနှင်ရမည်ဖြစ်သည်။ ဖုန်တိုက်မှ ပြန်ထွက်လာသောအခါတွင်တော့ လူစစ်စစ်မှ မျောက်ရုပ်ပေါက် သွားမည်ဖြစ်သည်။ ရယ်စရာကိုယ်တွေ့တခုကို ပြောပြချင်ပါသေးသည်။ ဖားကန့်မှ နှစ်ပေါင်း များစွာဝေးကွာပြီးနောက် လွန်ခဲ့သည့်နှစ်နှစ်ခန့်က တခေါက်ပြန်ရောက်သွားပါသည်။ ရောက််ခြင်း ခြင်း သူငယ်ချင်းဖြစ်သူထံသွားပြီး ဖားကန့်မှာနေတုန်း ဆိုင်ကယ်တစီးလောက် ဌားပေးပါဟု သွားပြောရာ ကြောင်ကြည့်နေသဖြင့် ဒီလူငါ့ကို ဌားချင်ပုံမရဘူး ဟု တွေးမိကာ တည်းခိုခန်းသို့ ရေမိုးချိုးရန် ပြန်သွားခဲ့သည်။ ရေချိုးပြီး ထမင်းစားရန်ပြန်ထွက်လာစဉ် သူငယ်ချင်းနှင့် ပက်ပင်းတိုးရာ ဝမ်းသာအားရနှင့်ပြေးလာပြီး ဘယ်တုန်းကရောက်သလဲ ဘာကူညီပေး ရမလဲဟု ပြာပြာသလဲ မေးပြန်သည်။ ငါခုနကမင်းဆီလာပြီး ဆိုင်ကယ်တောင်းသေးတယ်လေ ဟု ပြန်ပြောရာ ခုနက လာတာမင်းလား တကိုယ်လုံးဖုန်တက်နေလို့ ဘယ်လိုမှ ရုပ်ဖမ်းလို့မရဘူး။ တောင်းပန်ပါတယ်။ လာပို့ပေးပါမယ်ကွာဟု ပြောရလောက်အောင် လူရုပ်ပြောင်း သွား ခဲ့ ဘူးပါသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်ခန့်က KIA မှ မူးယစ်ဆေးဝါးကို တင်းကျပ်စွာနိုမ်နင်းပြီးနောက် တွင်ဖားကန့်ဒေသတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ သုံးစွဲမှုများမှာ ပပျောက်လုနီးပါးအခြေအနေ သို့ရောက်ရှိခဲ့သည်ကို မှတ်သားဖူးပါသည်။ ယနေ့တွင်မူ ဖားကန့်ရှိ နံပါတ်–၄ အရောင်း ဆိုင်များမှာ ဘုရားပွဲမှ ဆိုင်ခန်းများနှယ် တန်းစီပြီး ကြက်ပျံမကျအုတ်အုတ်ကျက်ကျက် ရောင်းဝယ်ဖောက်ကား နေကြသည်ကို ရင်နင့်ဖွယ် တွေ့မြင်ကြရပါမည်။

ဘိန်းစိမ်းထုတ် (ယမ်ဖေါင်) အရောင်းဌာနမှာ ဘူတာလက်မှတ်ရောင်းသည့်ကောင်တာကဲ့သို့ အပေါက်ကလေးများကြားမှ လက်ကလေးများ လျှိကာလျှိကာ ဝင်လိုက်ထွက်လိုက် လွပ်လပ်စွာရောင်းဝယ်နေကြသည်ကို တအံတသြ မြင်တွေ့ရသဖြင့် ရင်းနှီးသည့် ဘိန်းဆိုင်ပိုင်ရှင်ကို အဖမ်းအဆီးမရှိဘူးလားဟုမေးရာ ရဲဆီမှတဆင့် လက်လီလက်ကား ရောင်းဝယ်ခွင့်ရထားသူများထံမှ ဝယ်ယူရောင်းချကြောင်း၊ စိတ်ချရကြောင်း၊ အပြင်က ဝယ်ယူလျင်အဖမ်းအဆီးခံရနိုင်ကြောင်း ရှင်းပြပြန်သဖြင့် ထပ်ဆင့်အံသြရပြန်သည်။

စိတ်ချလက်ချရောင်းဝယ်နိုင်ရန် ပေးကမ်းဂါဝရ ပြုရသည့်နေရာ( ၇) နေရာရှိကြောင်း၊ နယ်မြေခံရဲမှုးအားပေးရသည့်ကြေးကို ခေါင်းပေါင်းကြေး၊ လက်ထောက်အားပေးရသည်ကို ဒုခေါင်းပေါင်းကြေးဟုခေါ်ပြီး ဌာနဆိုင်ရာ၊ စစ်တပ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် စစ်ဘက်နယ်ဘက် ဆိုင်ရာတို့အပြီးတွင် ကွင်းဆက်ဖြတ်ကြေးဟု သတ်သတ် ပေးရသည် လည်းရှိပါသည်။ ကွင်းဆက်ဖြတ်ကြေးဆိုသည်မှာ မိမိဆီမှ ဝယ်ယူသွားသူအား ရဲမှ ဖမ်းဆီးမိပြီး ရုံးတင်ပါက လက်ဝယ်ထားရှိမှု၊သုံးစွဲမှုဖြစ်သာ အမူတင်ပြီး မူလရောင်းချပေးသူအား အမှုမှချန် လှပ် ထားပေးခြင်းကို ဆိုလိုခြင်းဖြစ်သည်။ စနစ်တကျပျက်ဆီးနေသည့် ရဲဝန်ထမ်းများနှင့် အတူမူးယစ် ဆေးစွဲနေသည့် ဒေသခံများကို တွေ့မြင်နေရသည်မှာ ဝမ်းနည်းဖွယ်ကောင်းလှပါသည်။

လွန်ခဲ့သည့်နှစ် ၂၀ ကျော်ကာလများတွင် ကျောက်စိမ်းထုတ်လုပ်မှုကို လူအားဖြင့်သာအဓိက လုပ်ဆောင်သဖြင့် မြေဆီလွာပျက်ဆီးမှုမှာ မများလှပါ။ စိမ်းလန်းအေးချမ်းသော တောတောင်များ၊ အေးမြကြည်လင်သည့် စမ်းရေ၊ ချောင်းရေများနှင့် စိမ်းလန်းသာယာနေသည့် အပြင် ကျောက်စိမ်းနှင့် အတူ ကျောက်သွေးများပါ ထွက်ရှိခဲ့သည်။

နိုင်ငံတော်ဘတ်ဂျတ်လိုငွေ၊ စစ်ဗိုလ်ချုပ် စစ်အသိုင်းအဝိုင်းများ ကြီးပွားချမ်းသာရန်၊ စစ်လက်နက်ပစ္စည်းများဝယ်ယူဖြည့်တင်းရန် အတွက် နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်းထားသည် ဆိုသည့် အရင်းရှင်ကုမ္မဏီများ များ အစိုးရကို ၄၀ ရာခိုင်နှုန်း၊ ကုမ္မဏီမှ ၆၀ ရာခိုင်နှုန်းခွဲဝေသည့် စနစ်ဖြင့် မြေကြီးမှန်သမျှကို ဥပဒေနှင့် အညီ သိမ်းပိုက်ကြလေသဖြင့် ဒေသခံ ကျောမွဲ လက်လုပ်လက်စားများသည် ကုမ္မဏီများ စိတ်ကြိုက်မွေနှောက် တူးဖော်ရှာဖွေထားသည့် စွန့်ပစ် မြေပုံများတွင် အသက်နှင့်ရင်းကာ ရှာဖွေစားရသည့် အဖြစ်သို့ရောက်ရှိသွားသည်။ ယင်းကဲ့သို့ စားနုတ်စားပေါက်ကောက်စားသည် ကိုပင် မဓသာ သည့် ကုမ္မဏီများလည်းရှိသေးသည်။ ယခင်က ကြားနေကျဖြစ်သော ကျောက်စိမ်းဖြင့်သူဌေးဖြစ်သွားသူများ၊ ဘဝပြောင်းသွားသူများအကြောင်း အားကျဖွယ်ပုံပြင်များလည်း ဆိတ်သုဉ်းတိတ်ဆိတ်သွားခဲ့ပြီဖြစ်သည်။

ထိုထက်ပိုဆိုးသည်မှာ တရုတ်လူမျိုးပိုင်မြန်မာကုမ္မဏီများသည် ရပ်ရွာအုပ်ချုပ်သူများနှင့် ပေါင်း၍ လူနေရပ်ကွက်များတွင် မြေဇာပုံပေးခြင်း၊ ကျောက်တွင်းတွင် မိုင်းခွဲသည့်အခါ မိုင်းပေါက်ကို လူနေရပ်ကွက်ဘက်သို့လှည့်ကာ ခဲမိုးရွာပေးခြင်းတို့ပြုလုပ်လေ့ရှိသောကြောင့် မိုင်းသံ ကြားလျင် လူကြီးမဆိုထားနှင့် ကလေးများပင် စားပွဲအောက်၊ ကုတင်အောက်သို့ ဝင်ပုန်းရန်မှာ သင်ရန်မလိုပဲ အလိုလိုတတ်နေကြပြီဖြစ်သည်။ ထိုသို့ နေမရထိုင်မရဖြစ်ရန်ပြုလုပ်ရုံမက ကုမ္မဏီများနှင့် ရပ်ရွာအုပ်ချုပ်သူများ ပူးပေါင်းကာ လူနေရပ်ကွက်များကို အတင်းအဓ္ဓမ လုပ်ကွက်ဖော်ခြင်းဖြစ်သည်။ အတင်းအဓ္ဓမလုပ်ခြင်းဖြစ်သောကြောင့် နေရာပြောင်းရွေ့ရသည့်အပေါ်ပေးသည့် လျော်ကြေးမှာလည်း မဖြစ်စလောက်သာဖြစ်သည်။

လုပ်ကွက်သို့ထုံးစံမှာ လူနေရပ်ကွက်နှင် ့ ဝေးနိုင်သမျှဝေးရမည် ဖြစ်သော်လည်း မတော်လောဘကြောင့် လူနေရပ်ကွက်များကို ဖျက်ကာ ကျောက်လုပ်ကွက် အဖြစ်ပြောင်းပစ်သည်မှာ အကြိမ်ကြိမ်ဖြစ်သည်။ ပြောင်းခိုင်းသည့် နေရာမှာလည်း အာမခံချက်ရှိသော မြေနေရာ မဟုတ်။ တောင်တလုံးစာမျှမြင့်မားသည့် မြေဇာပုံပေါ်သို့ ပြောင်းခိုင်းခြင်းဖြစ်သည်။ မြင့်မားလှသော မြေဇာပုံထိပ်မှ ဘုရားသခင်ဟု ခပ်တိုးတိုးခေါ်လျင်ပင် ကြားနိုင်လောက်သည်ဖြစ်ရာ မိုးတွင်းမြေပြိုပါက သေဆုံးသည့်အရေအတွက်မှာလည်း မနည်းပါ။ ဖားကန့်တွင် မြေဇာသယ်ရန် အသုံးပြုသည့် ကားများမှာ ကားသီးသန့်အလေးချိန်ပင် တန် ၈၀ ရှိပြီး မြေဇာတင်ပြီးပါက တန် ၁၀၀ ကျော်ရှိသည့်ကားများကို အသုံးပြုနေကြသော်လည်း တန် ၃၀ ခံနို်င်အားရှိသည့် တံတားပင်လျှင် ကုမ္မဏီနှင့် အစိုးရမှ တည်ဆောက်ပြုပြင်ပေးခြင်းမရှိပဲ သုံးစွဲနေသည်မှာလည်း သဘာဝကျသည့် ကိစ္စမဟုတ်ပါ။

ဇူလိုင် ၁၉ ရက်နေ့တွင်တော့ ကျောင်းနေစဉ်က ဆိုခဲ့ရသည့် နိုင်ငံတော်သီချင်းကို ယောင်ယမ်းကာ ဆိုမိပါသည်။ ဒါတို့ပြည်၊ ဒါတို့မြေ၊ ဒို့ပိုင်တဲ့မြေ ဟု သီဆိုနေရာမှ အောက်ငုံ့ကြည့်မိရာ တောင်ထိပ် သဖွယ်မြင့်မားသည့် မြေဇာပုံတွင် ရပ်လျက်သားသီဆိုနေခြင်း ဖြစ်သည်ကို သတိ ရမိသည်။ အဖိုးတန် ကျောက်များထွက်သည့် ဒေသတွင် တရုတ်လုပ်ငန်းရှင်များမှ နေ့ရောညပါ တူးဖော်မှုကြောင့် ငါတို့ တိုင်းရင်းသားများအတွက် မြေတလက်မလောက်မှကျန်ပါ့အုံးမလား၊ ဖားကန့်မြို့တွင်းတွင်ပင် နေအိမ်များကို တလုံးချင်းဝယ်ယူပြီး တူးပစ်မည်ဟူသော သတင်းများကြားနေရသဖြင့် နောင်လာမည့် လူများအတွက် ဒါကကျောက်စိမ်းထွက်တဲ့ဖားကန့်မြို့ဟု ပြစရာ သမိုင်းအမွေအနှစ်များ ကျန်မှကျန်ပါ့အုံးမလားဟု အတွေးသံသရာလည်ရင်း ရင်မှာဆို့လာပါသည်။

Leave a Reply

*