၁၉၅၁-၅၂ တွင် ပြုလုပ်သော အထွေထွေရွေးကောက်ပွဲကြီးတွင် ကချင်ပြည်နယ်၌ ယှဉ်ပြိုင်အရွေး ခံသော အဖွဲ့အစည်းပေါင်း ၄ ဖွဲ့ရှိရာ ကချင်အမျိုးသားကွန်ဂရက်အဖွဲ့သည် အားလုံးသော အဖွဲ့များထက် အများဆုံးရရှိကြ၏။ ထို့ကြောင့် အမျိုးသားကွန်ဂရက် အဖွဲ့ဝင်များနှင့် အမတ်များ၏ ယုံကြည်ချက်မှာ ပြည်နယ်၏ အုပ်ချုပ်မှုအာဏာကို မိမိတို့က ရရှိလိမ့်မည်ဟု ယုံကြည်ခဲ့ကြ၏။
ယုံကြည်ခဲ့သည့်အလျောက် ဖဆပလ အဖွဲ့မှ အရွေးခံသော ဖဆပလ အမတ်ငါးယောက်အား တွေ့ဆုံ၍ မိမိတို့နှင့် ပူးပေါင်း၍ အစိုးရဖွဲ့ရန် စေ့စပ်တော့၏။ ပြည်နယ်တွင် ဖဆပလ အဖွဲ့ဝင်များသည်လည်း ကေအင်စီ အဖွဲ့နှင့်သာ ပူးပေါင်းလိုကြောင်း၊ ကေအင်စီအဖွဲ့၏ ဝါဒလမ်းစဉ်သည် ဖဆပလ အဖွဲ့ချုပ်ကြီးက ချမှတ်သော လမ်းစဉ်နှင့် ဝါဒအတိုင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ် အစိုးရဖွဲ့ရေးတွင် ကေအင်စီနှင့် ပေါင်းမည်ဖြစ်ကြောင်း ပြောပြကြ၏။
၁၉၅၂ ခုနှစ် မတ်လတွင် လွှတ်တော်နှစ်ရပ်လုံးခေါ်၍ ပြည်နယ်အမတ်များ အားလုံး ရန်ကုန်သို့ ရောက်လာကြ၏။ ကေအင်စီအမတ်များသည် ၁၉၅၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဝန်ကြီးချုပ် သခင်နုနှင့် တွေ့ဆုံ၍ ကချင်ပြည်နယ် အစိုးရဖွဲ့စည်းရေးနှင့် ပတ်သက်၍ မိမိတို့အဖွဲ့သည် ကချင်ပြည် နယ်လူထု အများဆုံးထောက်ခံ၍ အမတ်အများဆုံးရသော အဖွဲ့ဖြစ်သဖြင့် ကချင်ပြည်နယ်၏ အုပ် ချုပ်ရေးအာဏာကို ရသင့်ကြောင်း တင်ပြကြသည်။ သခင်နုကပြောသည်မှာ ခင်ဗျားတို့အဖွဲ့ကို မယုံကြည်၍တော့ မဟုတ်ပါ။ သို့သော်လည်း ကျုပ်အနေနှင့် ဆမားဒူဝါကိုပဲ ကချင်ပြည်နယ် ဥက္ကဋ္ဌ အဖြစ် ဆက်လက်ခန့်ချင်တယ်။ ခင်ဗျားတို့လည်း ပြည်မမှာ ဝန်ကြီးချုပ်၏ ပါလီမန်အတွင်းဝန် တစ်နေရာကိုယူပါ။ ကချင်ပြည်နယ်မှာ ဆမားကို အတိုက်အခံမလုပ်ကြပါနဲ့။ ခင်ဗျားတို့အချင်းချင်း ညီညွတ်ကြပါလို့ ပြောပါသည်။
ကေအင်စီ အမတ်များက ပြန်ပြောသည်မှာ “ဝန်ကြီးချုပ်။ ဒီမိုကရေစီတိုင်းပြည် ဖြစ်တဲ့အတိုင်း အမတ်များရာက အုပ်ချုပ်ရေးအာဏာကို ရရမယ်မဟုတ်လား အခုတော့ အမတ်လေးယောက်ပဲရတဲ့ ဆမားကို ပြည်နယ်ဥက္ကဋ္ဌ ပြန်တင်တော့ ဒီမိုကရေစီကျပါ့မလား။ ကျွန်တော်တို့အနေနှင့်က အမတ်အများဆုံး ရထားတာက တစ်ကြောင်း၊ ပြီးတော့ ကချင်ပြည်နယ်က အရွေးခံရတဲ့ ဖဆပလ အမတ်ငါးယောက်ကလည်း ကျွန်တော်တို့နှင့် ပူးပေါင်းရန် ပြောထားပြီးဖြစ်တဲ့အတွက် ကျွန်တော်တို့အဖွဲ့က ကချင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးအာဏာပဲ ရရမယ်” လို့ ပြန်ပြောပါသည်။
ဒီတော့ ဝန်ကြီးချုပ်သခင်နုဟာ “ခင်ဗျားတို့အဖွဲ့က အမတ်အများဆုံးရတာတော့ ဟုတ်ပါပြီ။ ကျုပ်လည်း မငြင်းဘူး။ ဒါပေမဲ့ ပြည်နယ်က ဖဆပလအမတ်များဟာ သူတို့သဘောနှင့် လုပ်လို့မရဘူး။ ဖဆပလ ဌာနချုပ်က ညွှန်ကြားသည့်အတိုင်း လိုက်ရမယ်။ ဖဆပလ ဌာနချုပ်ကလည်း တစ်ခြား ပြောမှာမဟုတ်ဘူး။ ယခု ငါပြောတဲ့အတိုင်း ဆမားကိုပဲထောက်ခံဖို့ ပြောမှာပဲ” ဟု ပြန်ပြောလိုက်သည်။
ဒီနောက်မှာ ကေအင်စီ အမတ်များသည် ပြည်နယ်မှ ဖဆပလ အမတ် ငါးယောက်ဆီသွားပြီး “ဘယ့်နဲ့လဲ။ ခင်ဗျားတို့ ဟိုပြည်နယ်မှာတုန်းကတော့ ကျွန်တော်တို့နဲ့ ပေါင်းမယ်ဆိုတယ် မဟုတ် လား။ ယခု ဝန်ကြီးချုပ်ကတော့ ခင်ဗျားတို့ကို ဆမားဒူဝါကိုပဲ ထောက်ခံခိုင်းမယ်ဆိုပါလား” ဟု သွားပြောကြသည်။ ပြည်နယ်က ဖဆပလ အမတ်ငါးယောက်သည် “ကျွန်တော်တို့ အနေနှင့် ခင်ဗျားတို့ ကေအင်စီအဖွဲ့ကို ထောက်ခံချင်တယ်။ ခင်ဗျားတို့နှင့် ပူးပေါင်းချင်တယ်။ ဒါပေမဲ့ ဖဆပလဌာနချုပ် ဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံတော် ဝန်ကြီးချုပ်လည်းဖြစ်တဲ့ သခင်နုရဲ့အမိန့်ကိုတော့ ဘယ်လွန် ဆန်နိုင်မလဲ” ဟု ပြန်ပြောပါသည်။
ဒါကြောင့် နောက်ဆုံးတွင် “ကချင်ပြည်နယ်မှ ရွေးကောက်လိုက်တဲ့ လူထုကိုယ်စားလှယ်များ၏ ဆန္ဒအရ မဟုတ်ပါလား။ ဝန်ကြီးချုပ် လုပ်တဲ့သူရဲ့ ဆန္ဒအတိုင်းပါလား”လို့ ဝမ်းနည်းစွာနှင့် ကေအင်စီ အမတ်များသည် ကချင်ပြည်နယ်တွင် အတိုက်အခံအဖွဲ့ ဖြစ်လာရပေသည်။ မရှေးမနှောင်းသော အချိန်အတွင်း ကချင်ပြည်နယ် အစိုးရအဖြစ် ဆမားဒူဝါ ဆင်ဝါးနောင်သည် အစိုးရ ဖွဲ့စည်းနိုင်တော့၏။ နိုင်ငံတော်ဝန်ကြီးချုပ် သခင်နုက ကေအင်စီ ခေါင်းဆောင်များအား သူ၏ ပါလီမန် အတွင်းဝန်ရာထူး တစ်နေရာယူ၍ ကချင်ပြည်နယ် ကောင်စီတွင်လည်း ကောင်စီ သဘာပတိယူရန် တိုက်တွန်းခဲ့သည်။ ဆမားဒူဝါကို ဝိုင်းဝန်းထောက်ခံရန် နားချခဲ့သည်။
ကေအင်စီ အမတ်များအနေနှင့်က ကချင်ပြည်နယ်သည် ဗိုလ်ချုပ်အောင်ဆန်း အမိန့်ရှိခဲ့သလို ပညာရေး၊ စီးပွားရေး၊ ကြီးပွားရေး၊ ကျန်းမာရေး အစစအရာရာ၌ အင်မတန် အောက်ကျနောက်ကျ ဖြစ်ခဲ့သဖြင့် ရရှိသမျှသော ဘဏ္ဍာတော်ငွေများဖြင့်၄င်း လူထုအကျိုးပြု လုပ်ငန်းများကို အမြန် ဆောင်ရွက်ချင်ကြ၏။ ဆမားဒူဝါအနေနှင့် ၎င်းပထမလုပ်ရမည့် အရေးကြီးသောလုပ်ငန်းများကို လျစ်လျူရှုခဲ့၍ သူ၏ ယာယီအစိုးရအချိန်တွင် မော်တော်ကား တည်ဆောက်ရန်စီမံကိန်း၊ ဂျက်လေယာဉ်ပျံ တည်ဆောက်ရန် စီမံကိန်း၊ မီးသင်္ဘော မီးရထားခေါင်းတွဲ လုပ်ရန် စီမံကိန်း၊ ရွှေတူးရန်၊ ငွေတူးရန် စီမံကိန်းများကိုသာ ပထမချခဲ့၏။
ဤကိစ္စများကြောင့် ကေအင်စီအဖွဲ့သည် ဆမားဒူဝါအား မထောက်ခံနိုင်ကြောင်း ဝန်ကြီးချုပ် သခင်နုအားပြောပြခဲ့ရာ ဝန်ကြီးချုပ်က “အေးကွာ ဒါတွေက သူမှားတာပဲ။ သူရဲ့ ဒီစီမံကိန်းတွေကို ငါရပ်ခိုင်းပါ့မယ်။ ယခုကစပြီး ခင်ဗျားတို့ လိုလားတဲ့ လူထုအကျိုးပြု လုပ်ငန်းတွေကို ပထမလုပ်ဖို့ ငါပြောပါ့မယ်”ဟု ပြော၏။ တစ်ဖန် ကေအင်စီအမတ်များက “ကောင်းပြီ ဝန်ကြီးချုပ်၊ သူဒီစီမံကိန်း တွေကိုရပ်ပြီး တကယ် ပြည်နယ်လူထုအတွက် လောလောဆယ် အရေးကြီးတဲ့လုပ်ငန်းများကို စတင် လုပ်မယ်ဆိုရင် လုပ်တာနှင့် တစ်ပြိုင်နက် ကျွန်တော်တို့က ထောက်ခံပါမယ်” ဟု ကတိပေးထားခဲ့၏။
သို့ရာတွင် ဝန်ကြီးချုပ် သခင်နုသည် ဆမားဒူဝါ၏ စီမံကိန်းများကို မရပ်စေနိုင်သည် သာမက ဆမားဒူဝါ၏ ၈ မိုင် မရမ်းကုန်းစက်ရုံဖွင့်ပွဲတွင် သခင်နုသည် ဆမားဒူဝါကြီးအား ဟိမဝန္တာ ချီးမွမ်း ခန်းဖွင့်တော့သည်။ ကေအင်စီ အမတ်များအနေနှင့်ကား ဝန်ကြီးချုပ် သခင်နုသည် အပြောတစ်မျိုး အလုပ်တစ်မျိုးဟူ၍ ဤအခါက စသိခဲ့သည်။
ကချင်ပြည်နယ်ထက် ပိုမိုဆိုးသော ကိစ္စ ရှိပါသေးသည်။ ၄င်းမှာ အခြားမဟုတ်။ ချင်းများအရေး ပင်ဖြစ်သည်။ ချင်းတောင်သည် ပြည်နယ်မဟုတ်ဘဲ ပြည်မတွင်ပါဝင်သော ဝိသေသတိုင်းတစ်ခု ဖြစ်သည်။ ထို ၁၉၅၁-၅၂ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ချင်းတောင်၌ ယှဉ်ပြိုင်အရွေးခံသော နိုင်ငံရေးအဖွဲ့ ၂ ခု ရှိခဲ့သည်။ ဦးဇာရဲလျံ ခေါင်းဆောင်သော ချင်းအမျိုးသားကွန်ဂရက်အဖွဲ့သည် အမတ် ၁၀ ယောက်ရ၍ စစ်ဗိုလ်ထွက် ကပ္ပတိန် မန်တုံ့နုံးက သူနှင့်ပေါင်း အမတ် ၂ ယောက်သာ ရရှိခဲ့သည်။
ချင်းအမျိုးသားကွန်ဂရက် အနေနှင့် သူတို့သည် အမတ်အများဆုံးဖြစ်၍ ချင်းရေးရာဝန်ကြီးကို သူတို့ ရနိုင်မည်ဟု ယုံကြည်ချက်ကြီးကြီးဖြင့် ရန်ကုန်ဆင်းလာကြ၏။ ဝန်ကြီးချုပ် သခင်နုနှင့်တွေ့သောအခါ ချင်းကွန်ဂရက် အဖွဲ့ဝင်များသည် သူတို့က အမတ်အများဆုံးရ၍ လူထုဆန္ဒ အများဆုံး ထောက်ခံမှု ရရှိသောကြောင့် မိမိတို့ အဖွဲ့သာလျှင် ချင်းရေးရာဝန်ကြီးကိုရ၍ ချင်းဝိသေသတိုင်း၏ အုပ်ချုပ်ရေးကို ကိုင်ရမည်ဖြစ်ကြောင်း တင်ပြကြ၏။
ဝန်ကြီးချုပ် သခင်နုက ချင်းကွန်ဂရက်၏ အဖွဲ့ခေါင်းဆောင် ဇာရဲလျံသည် အသက်ငယ်သေးသည်။ အိမ်ထောင် မရှိသေးဘူး၊ နိုင်ငံရေး ဗဟုသုတ မရှိသေးဘူး၊ ဒါကြောင့် ဝန်ကြီးအဖြစ် လက်မခံနိုင်ပါ။ ကပ္ပတိန် မန်တုံ့နုံးကိုသာ ဝန်ကြီးပေးမည်ဖြစ်ကြောင်း ပြန်ပြောလိုက်၏။
ချင်းကွန်ဂရက် အမတ်များကလည်း ထိုသို့လုပ်ခြင်းမှာ ဒီမိုကရေစီ မကျကြောင်း၊ အမတ်များရာ အဖွဲ့သာလျင် ဝန်ကြီး ဖြစ်သင့်ကြောင်း၊ ဝန်ကြီးချုပ် ဆန္ဒအရ မဟုတ်ဘဲ လူထု၏ ဆန္ဒအရသာ ဖြစ် ရမည်ဖြစ်ကြောင်း ပြောသောအခါ သခင်နုက “မင်းတို့ ဘာနားလည်သလဲ၊ တိတ်ပါ” ဟု ငေါက်ငမ်းခဲ့၏။
ဝန်ကြီးချုပ် သခင်နုအနေနှင့် အမတ်နှစ်ယောက်သာရှိသော ကပ္ပတိန်မန်တုံ့နုံးကို ဝန်ကြီးခန့်လျှင် အရုပ်ဆိုးမည်ဟု မြင်လာသော အခါ ညီညွတ်ပြီးသားဖြစ်သော ချင်းကွန်ဂရက်အဖွဲ့မှ ဦးရှိန်ထန်းကို တိတ်တဆိတ်ခေါ်ယူ၍၊ ဝန်ကြီးနေရာနှင့်တော့ ခင်ဗျားပဲသင့်တော်တယ်၊ ခင်ဗျားက အသက်လည်း ကြီးပြီး ဗဟုသုတလည်း ရှိတယ်ဟု၊ အကြောင်းအမျိုးမျိုးပြ၍ ခွဲထုတ်ခဲ့၏။ ထိုအခါ ညီညွတ်ပြီးသား ချင်းအမျိုးသား ကွန်ဂရက်အဖွဲ့သည် ၂ ခြမ်း ကွဲသွားခဲ့၏။ ကွဲလာသောအခါ ဦးရှိန်ထန်းကို ချင်းရေး ရာဝန်ကြီး ခန့်ခဲ့၏။ ဝန်ကြီးချုပ် သခင်နု၏ အခွဲအုပ်ချုပ်ရေးစနစ်သည် ဤတွင် အောင်မြင်သွား၏။
သို့ရာတွင် ဝန်ကြီးဦးရှိန်ထန်းဘက်မှ အမတ်ဦးရေနည်း၍ ဦးဇာရဲလျံဘက်မှ အမတ်ဦးရေ များသဖြင့် ကောင်စီတွင် အလုပ်လုပ်လို့ မဖြစ်သောအခါ၊ အချိန် မကြာမီအတွင်း ဦးရှိန်ထန်းကို ပြည်မ အခြားဌာန တစ်ခုပေး၍ ချင်းကွန်ဂရက် အဖွဲ့၏ ခေါင်းဆောင် ဇာရဲလျံကိုပင် ချင်းရေးရာဝန်ကြီး ခန့်ပေးရ၏။ ချင်းနှင့် ကချင်ကိုသာ ဤသို့လုပ်သည် မဟုတ်ပါ။
ကရင်ကိုလည်း ထိုထက် ပိုဆိုးရွားအောင် လုပ်ခဲ့၏။ ကရင်ပြည်နယ်သည် ၁၉၅၄ ခုနှစ် ဇွန်လ ၁ ရက် နေ့မှာ ပြည်နယ်ဖြစ်ပေါ်လာ၏။ ကရင်ပြည်နယ် ဖြစ်ပေါ်လာသည်နှင့် ကရင်ပြည်နယ်တွင် ကရင်ပြည်နယ် ဝန်ကြီးခေါ် ကရင်ပြည်နယ် ဥက္ကဋ္ဌ ခန့်ရပေမည်။ ကရင်ပြည်နယ် ဥက္ကဋ္ဌခန့်ရာ၌ ကရင်ပြည်နယ်မှ ရွေးကောက်တင်မြှောက်သော ကိုယ် စားလှယ်များထဲက ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ရွေးချယ်ခန့်ထား ရပေမည်။ အခြေခံဥပဒေကလည်း ထိုသို့ခွင့်ပြုထား၍ ထိုသို့ ဖြစ်မှသာလျှင် သဘာဝကျပေမည်။
သို့ရာတွင် ထိုသို့မဟုတ်ဘဲ ကရင်ပြည်နယ် ဥက္ကဋ္ဌနေရာတွင် မြစ်ဝကျွန်းပေါ်ဒေသမှ အရွေးခံသော ဦးအောင်ပကို ကရင်ပြည်နယ်ဝန်ကြီးနှင့် ကရင်ပြည်နယ်ဥက္ကဋ္ဌ ခန့်ခဲ့သည်။ ဤသို့ လုပ်ခဲ့ရာတွင် ကရင်ပြည်နယ် လူထုသည်လည်းကောင်း၊ ပြည်နယ် ကိုယ်စားလှယ်များသည် လည်းကောင်း မကျေနပ်၍ ကန့်ကွက်ခဲ့သည်။ သို့သော် အချည်းနှီးသာ ဖြစ်ခဲ့သည်။
နောက်ဆုံး၌ ကောင်စီတွင် အလုပ်လုပ်၍ မဖြစ်တော့မှ ဦးအောင်ပကိုခေါ်ယူပြီး ပြည်မတွင် ကျန်းမာ ရေး ဝန်ကြီးဌာနပေး၍ ကရင်ပြည်နယ်မှ ရွေးကောက် တင်မြှောက်ခဲ့သော ဒေါက်တာစောလှထွန်းကို ကရင်ပြည်နယ်ဥက္ကဋ္ဌ ခန့်ခဲ့သည်။ ဝန်ကြီးချုပ်သခင်နုသည် ပြည်နယ်ကိုယ်စားလှယ်များ၊ လူမျိုးစုကိုယ်စားလှယ်များနှင့် တွေ့တဲ့အခါတိုင်း၊ မင်းတို့အားလုံးကို ငါချစ်ပါတယ်၊ သနားပါတယ်၊ မင်းတို့ အပေါ်မှာ သွေးခွဲစနစ် (Divide And Rule) ကို သုံးပြီး အုပ်ချုပ်နေတာ မဟုတ်ပါဘူးဟု မကြာခဏ ပြောလေ့ရှိသော်လည်း တကယ့် လက်တွေ့ကျသောအခါ ညီညွတ်ပြီးသား ပြည်နယ်သားများ၊ ညီညွတ်ပြီးသား လူနည်းစုများကိုကွဲ ပြားအောင် ဖန်တီးပေးခဲ့သည်။ ဒီမိုကရေစီ အစစ်ကိုမပေးဘဲ ဝါမိုကရေစီ ကိုသာပေးခဲ့၏။
ဒါတွေကြောင့် တိုင်းရင်းသားလို့ အသတ်မှတ် ခံရတဲ့ လူမျိုးတွေက ၈ ပြည်နယ်မူကို တင်လာတာ ဖြစ်ပါတယ်။ ကြည်လင်တဲ့ရေကို ဘယ်သူ စနောက်တယ်။ ဘယ်သူတွေက မယုံကြည်အောင် လုပ်လိုက်တယ်ဆိုတာ။ သမိုင်းက သက်သေပြနေပါတယ်။ ပြည်ထောင်စုကြီးလည်း မွဲပြာကျနေပါပြီး။ ဒီလိုမွဲပြာကျမယ်မှန်း ကြိုသိရင်၊ ဒီလိုလိမ်မယ် ညစ်မယ်မှန်းကြိုသိရင်၊ ခုကျွန်တော်တို့ သိပ်ချစ်ပတယ်ဆိုတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ဆိုတာကြီး ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ တိုင်းရင်းသား ခေါင်းဆောင်တွေ ရင်ထဲက ကတိတွေ၊ လေးနက်တဲ့ ယုံကြည်မှုတွေကို ဘယ်သူတွေက သုတ်သင်၊ သတ်ဖြတ်၊ အရောင်းဆိုး သွေးခွဲဖြစ်ခဲ့ကြတာလည်း။ ၁၉၄၈ ကတည်းက ဖောက်ဖျက်ခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ မုသာဝါဒ ကံကြောင့် တပြည်လုံးလဲ ဘေးအမျိုးမျိုးသင့်၊ မွဲပြာကျခဲ့ ပြီးပါပြီ။ အင်္ဂလိပ်လက်ထက် ကျန်အုပ်ချုပ်ရေး ယန္တာရားလည်း ပျက်စီးပြီး။ လက်နက်ရှိသူ အနိုင်ရတဲ့ ဖက်ဆစ်ဝါဒ ပေါ်ပေါက်လာခဲ့တာပဲ အဖတ်တင်ပါတယ်။ ခု ဒီဖက်ဆစ်ဝါဒကို မြန်မာမြေပေါ် အစေ့ချ အညှောက်ဖောက်ခဲ့တဲ့ ဦးနေဝင်းနဲ့တကွ ဗမာ့ ခေါင်းဆောင်တွေ မရှိတော့ပါဘူး။ ဒါပေမယ့် ဖက်ဆစ် စံနစ်ကြီးကတော့ မြန်မာပြည်ထဲမှာ အတွင်းလှိုက်ပြီး တိုင်းပြည်တစ်ခုလုံးကို တိုက်စား ချေဖျက်နေတုန်းပါပဲ။
ကတိသစ္စာ မတည်ကြည်ကြသေး သရွေ့တော့ တိုင်းပြည်လည်း သွေးအလူးလူးနဲ့ အကုသိုလ်တွင်းထဲ နစ်ပြီးရင်း နစ်နေကြရဦးမှာပါပဲ။
*မှတ်ချက်*
(ဆောင်းပါးရှင် The Peace)
ဖက်ဒရယ်ပြည်ထောင်စုကို ကြောက်တဲ့ ပြဿနာ အပိုင်း (၃)
မှ လိုအပ်မည်ဟု ယူဆသော အချိူ ့ကို စုဆောင်ကူးယူတင်ပြခြင်းဖြစ်သည်။