ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံနေမှု အခြေအနေကြောင့် အသွားအလာကန့်သတ်ခြင်း လော့ဒေါင်းချမှတ်ထားတဲ့ ကေအိုင်အိုထိန်းချုပ်နယ်မြေ မုန်လိုင်ခက်ကျေးရွာရှိ ပြည်သူများကို ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ် နှိမ်နှင်းရေး ဗဟိုကော်မတီမှ အောက်တိုဘာ ၂၉ ရက်နေ့က အစားအသောက် ကူညီထောက်ပံ့မှု ပြုလုပ်ခဲ့ပါတယ်။

ကိုဗစ် ထောက်ပံ့မှုအဖြစ် ကူညီပစ္စည်းများကတော့ ကုလားပဲ၊ ဆီ၊ ငါးခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ဆန်များဖြစ်ကြောင်း သိရပါတယ်။ မုန်လိုင်ခက်ကျေးရွာက ဒေသခံပြည်သူများနဲ့ စစ်ဘေးရှောင်ပြည်သူများ အတူတကွနေထိုင်ကြတဲ့ နေရာဖြစ်ကာ ကိုဗစ်-၁၉ ရောဂါ ပိုးရှိသူ တွေ့ရှိခဲ့ခြင်းကြောင့် အောက်တိုဘာ ၁၉ ရက်နေ့က စတင်ပြီး အသွားအလာကန့်သတ်ထားရှိခဲ့တာဖြစ်ပါတယ်။
အသွားအလာကန့်သတ်ထားတဲ့ ရက်ပေါင်း ၁၀ ရက်အတွင်း ကိုဗစ်-၁၉ စစ်ဆေးခြင်း နှစ်ကြိမ်မြောက် ပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့် ကိုဗစ်ကူးစက်ခံထားရသူဦးရေ ထပ်တိုးမှု မရှိတော့ကြောင်း သိရပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ် နှိမ်နှင်းရေး ဗဟိုကော်မတီအနေဖြင့် မိမိထိန်းချုပ်နယ်မြေအတွင် ကိုဗစ် ကင်းစင်လာရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြုကာ ကာကွယ်နှိမ်နှင်းနေတာဖြစ်ပြီး မိုင်ဆပ်ပါကျေးရွာမှာတော့ ခိုးဝင်သူတွေမရှိစေရအောင်နဲ့ လိုင်ဇာမြို့တွင်း ပိုးကူစက်သူထပ်မံမရှိစေဖို့ ဂိတ်အပြင် လမ်းကြောင်းအားလုံးကို ပိတ်ပင်ထားကာ မိုင်ဆပ်ပါတွင်လည်း ခြံစည်းရိုးဖြင့် ယာယီပိတ်ပင်ဖို့ ပြင်ဆင်နေပါတယ်။