စစ်အာဏာသိမ်းအကြမ်းဖက်အဖွဲ့မှ ယနေ့မနက် ၇ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး လူသားဒိုင်းအဖြစ် အသုံးပြုခံလိုက်ရတဲ့ ပူတာအိုမြို့နယ်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၇ ဦး ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာကြောင်း သိရပါတယ်။

ဖုန်ကျန်ဘက်မှ ပြန်လာကြတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့မှ ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး (၁၄) ဦး၊ ဆွမ်ပရာဘွမ်မြို့နယ် ခင်ဒူးယန်ကျေးရွာမှ ၂ ဦး၊ အင်ဆိုင်ယန်ကျေးရွာမှ ၁ ဦး စုစုပေါင်း ၁၇ ဦးကို ဆွမ်ပီယန်ကျေးရွာတွင် အစည်းအဝေးရှိကြောင်း ခေါ်ဆိုစုဆောင်းထားပြီး ဖမ်းဆီးသွားကာ ပူတာအို မူလာရှီးဒီး ခလရ ၁၃၈ တပ်အထိ လိုက်ပါစေကာ အုပ်ချုပ်ရေးမှူးများက ညနေပိုင်း ၂ နာရီခန့်တွင် ဆွမ်ပီယန်ကျေးရွာဘက် ပြန်လည် ရောက်ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
“မနေ့က ဆွမ်ပရာဘွမ်ဘက်ကနေ ဆွမ်ပီယန်ဘက် စစ်ကောင်စီတပ်တွေ ဝင်လာပြီးတော့ မိုင်းတွေဖောက်တယ် လက်နက်ငယ်ပစ်ခတ်တာတွေလုပ်ပြီး ရွာထဲဝင်လာကြတာ၊ တောင်ယာတစ်ခုမှာ မိုင်းကျပေါက်ကွဲတာရှိခဲ့တယ်၊ လူကတော့ထိခိုက်မှုမရှိဘူး၊ ကျေးရွာအနီးကျတာတွေလည်းရှိတယ် မနက် ၆ နာရီလောက်မှာတော့ အစည်းအဝေးလုပ်မယ်ဆိုပြီး ခေါ်တယ် မလုပ်ပဲ စစ်သား ၄၀ လောက်နဲ့ ဖမ်းဆီးသွားတယ်၊ ဆွမ်ပီယန်ရောက်လာတဲ့တပ်က ခလရ ၁၃၈ အဖွဲ့တွေပါ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ်မှ ဆွမ်ပရာဘွမ်မြို့နယ် ဖုန်ကျန်ကျေးရွာဘက် စစ်အင်အား ၁၀၀ ဝန်းကျင် ထပ်တိုးထားကာ စစ်ကောင်စီတပ်သားများက ပြည်သူများရဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်များတွင် အရပ်ဝတ်ဖြင့် စီးနင်းလိုက်ပါကာ တပ်အင်အားတိုးချဲ့နေကြောင်း သိရပါတယ်။
အာဏာသိမ်းစစ်တပ်မှ ဆွမ်ပရာဘွမ်နဲ့ ပူတာအိုဒေသဘက် စစ်ယာဉ်တန်းများဖြင့် စစ်အင်အားတိုးချဲ့မှုလုပ်ဆောင်စဉ် ကေအိုင်အေဘက်မှ ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်တာကြောင့် ယခုလို ဒေသခံများရဲ့ ယာဉ်များအပြင် အုပ်ချုပ်ရေးမှူးများကိုပါ လူသားဒိုင်းအဖြစ် အသုံးပြုလာခြင်းဖြစ်ပါတယ်။