မိုးမောက်မြို့နယ်၊ လုံဂျာဘွမ် အောက်ဘက် လက်ဝါးကပ်တိုင်တောင်နဲ့ ဆာရာတပ်စခန်းကြား ယနေ့ အောက်တိုဘာ ၃၀ ရက် မနက် ၈ နာရီကနေ ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်က လက်ဝါးကပ်တိုင်တောင် အနောက်ဘက်ကနေ ထိုးစစ်ဆင်လာတာကြောင့် ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ကာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ဆုတောင်းတောင်တွင် တပ်စွဲနေရာယူနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကလည်း မနက် ၇ နာရီခန့်ကနေစတင်ပြီး လုံဂျာဘွမ်ဘက် ၈၁-မမ လက်နက်ကြီးဖြင့် ပစ်ခတ်နေခဲ့တဲ့အပြင် စင်လီတောင်မှ စကစတပ်ကလည်း ၁၂၀-မမ ဖြင့် ပစ်ကူနေခဲ့ကြောင်း မြေပြင်သတင်းတွေအရ သိရပါတယ်။
ယနေ့မနက် ၁ နာရီခန့်တွင်လည်း ခရာဘွမ်တွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာအနီးဝန်းကျင်ဘက် လက်နက်ကြီးများဖြင့် ၅ ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ကာ မုန်လိုင်ခက်ကျေးရွာအနီး ကျည်တစ်ခုကျရောက်ပေါက်ကွဲမှုရှိခဲ့ပေမယ့် ထိခိုက်မှုတော့ မရှိခဲ့ကာ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့်လည်း လိုင်ဇာအနီး ပျံသန်းမှုတွေ ပြုလုပ်ခဲ့ကာ လုံဂျာဘွမ်တွင် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့ကစတင်ပြီး လုံဂျာဘွမ်တဝိုက် တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုတွေများပြားခဲ့ပြီး အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်မှုတွေလည်း ဆက်ရှိနေတာကြောင့် နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှုတွေကလည်း ရှိနေအုံးမှာဖြစ်ကြောင်း ခန့်မှန်းနေကြရပါတယ်။