မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်အောက်တဝိုက်တွင် ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း (၁၅)နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၂၃၇), ခမရ (၄၃၇)နဲ့ တပ်မ (၈၈) ပူးပေါင်းအဖွဲ့က အင်အား ၁၀၀ ဝန်းကျင်ဖြင့် ယနေ့မနက်ပိုင်း လုံဂျာဘွမ်ရှိ ကေအိုင်အေတပ်စခန်းဘက်ကို ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာခြင်းကြောင့် ကေအိုင်အေတပ်မှ ခုခံစောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဆိုပါ စစ်ကောင်စီတပ်က မနက် ၈ နာရီခန့်တွင် ဂေါ်ငူကုန်းကနေ ဝါဝမ်ကျေးရွာအပြင်ဘက် လက်ဝါးကပ်တိုင်ကုန်းဘက် ၇၉-မမ လို့မှန်းဆရတဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။
ကေအိုင်အေတပ်မဟာ (၃) နယ်မြေဘက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က ကုန်းကြောင်းအပြင် ရေလမ်းကြောင်းဖြင့်လည်း စစ်အင်အားဖြည့်တင်းခြင်းတွေ ပြုလုပ်နေတာကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း တွက်ဆထားကြပါတယ်။