လုံဂျာဘွမ်တဝိုက် လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်

ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့  မနက် ၁၀ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့ပါတယ်။

ယနေ့မနက်ပိုင်းတွင် ကေအိုင်အေတပ်မှ အကြမ်းဖက် စစ်ကောင်စီတပ် တပ်စွဲနေရာယူထားတဲ့ ဆုတောင်းတောင်နဲ့ ခဝှမ်ဘန်တောင်အထက်ပိုင်းဘက် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့အပြီး စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက် ပစ်ခတ်မှု ရှိခဲ့ကြောင်း သိရပါတယ်။

မိုးမောက်မြို့နယ်တွင် အောက်တိုဘာလ ၂၂ ရက်နေ့ကစတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူထဲမှာ ထိခိုက်သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုတွေ ရှိခဲ့ကာ နေအိမ်ပျက်စီးမှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၃၁ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မဆင်မခြင် လက်နက်ကြီးပစ်ခတ်လိုက်မှုကြောင့် မိုးမောက် ကက်သလစ်အသင်းတော်ဝင်းရှိ ကလေးသူငယ်ကျောင်းဆောင် လက်နက်ကြီးကျရောက်ပြီး ထိခိုက်ပျက်စီးသွားခဲ့ရမှုလည်း ရှိခဲ့ပါတယ်။

လက်တလောအချိန်တွင် အဆိုပါဒေသတဝိုက် အကြမ်းဖက် စစစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ ဆက်တိုက်ရှိလာတာကြောင့် လုံဂျာကျေးရွာနဲ့ ဝဝမ်ကျေးရွာရှိ ဒေသခံများက မိုးမောက်ဘက် ထွက်ပြေးတိမ်းရှောင်နေကြရကာ စားဝတ်နေရးအတွက် အကူအညီလိုအပ်နေကြောင်း ကူညီပေးသူများထံမှ​သိရပါတယ်။

Leave a Reply

*