လီဒိုလမ်းပေါ်ရှိကျေးရွာအချို့ကို အာဏာသိမ်းစစ်တပ်စခန်းအနီးဝန်းကျင် သွားလာခြင်းမပြုလုပ်ဖို့ သတိပေး

တနိုင်း – လီဒိုတလျှောက်ရှိ ကျေးရွာများဖြစ်တဲ့ ရှထုဇွပ်၊ ဝါရာဇွပ်နဲ့အနီးတဝိုက်ကျေးရွာများမှ ပြည်သူများကို အာဏာသိမ်းစစ်တပ်မှ တပ်စခန်းအနီးဝန်းကျင် သွားလာခြင်းမပြုလုပ်ကြဖို့ ပြောဆိုလာကြောင်း သိရှိရပါတယ်။

“တောဘက်သွားလာခြင်းမပြုလုပ်ဖို့ထက် မြန်မာစစ်တပ်နဲ့ ဒေသရှိ ပြည်သူ့စစ်တွေရဲ့ နေရာတဝိုက်မသွားဖို့ပြောတာ၊ သူတို့နေရာနဲ့ကိုက် ၁၀၀ ဝန်းကျင်မသွားဖို့ပြောတယ်၊ သူတို့က အဲ့တဝိုက် မိုင်းထောင်ထားတယ်တဲ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မတ်လ ၁၅ ရက်နေ့ ကေအိုင်အေနဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်စခန်းနဲ့ ပြည်သူ့စစ်စခန်း အနီးတဝိုက်မသွားလာကြဖို့ ယခုလို ပြောဆိုလာခြင်းဖြစ်ပါတယ်။

လီဒိုလမ်းတလျှောက်နေထိုင်တဲ့ ဒေသခံအများစုက တောင်ယာခုတ်ခြင်း၊ လယ်လုပ်ခြင်း၊ စိုက်ပျိုးခြံများလုပ်ဆောင်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေကြသူများဖြစ်ကာ သူတို့လုပ်ငန်းတွေ မလုပ်ဆောင်လာနိုင်မှာကိုလည်း စိုးရိမ်နေကြရပါတယ်။

ယခုနှစ်တွေတုန်းကလည်း ရှထုဇွပ်၊ ဝါရာဇွပ်ကျေးရွာ ဒေသခံများက စိုက်ပျိုးရေးလုပ်ငန်းလုပ်ဆောင်ဖို့ သွားရောက်စဉ် မြေမြုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း သိရှိရပါတယ်။

Leave a Reply

*