ဟူးကောင်းဒေသ ဘန်ကောက်နဲ့ အောင်ရာကျေးရွာကြားတွင် စက်တင်ဘာ ၂ ရက် ယနေ့ မနက် ၈ နာရီခွဲခန့်တွင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၂ တပ်ရင်း ၁၄ တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ ၂၀ နီးပါးပါဝင်တဲ့ စစ်ကြောင်းက စစ်ရေးလှုပ်ရှားလာတာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ၁၀ နာရီအချိန်မှာတော့ အာဏာသိမ်းစစ်တပ်က မိုးကောင်းချောင်း ယုဇနတရုတ်တံတားကနေ ၆၀-မမ လို့ ခန့်မှန်းရတဲ့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဝါရာဇွပ်ကျေးရွာတွင် ကျရောက်ပေါက်ကွဲကာ ဦးအင်ဘူဇောင်ဖန် ရဲ့ ညာဘက်ခြေထောက်တွင် လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရရှိခဲ့ရပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲတွင်လည်း နောင်းမီကျေးရွာနဲ့ ဘန်ကောက်ကျေးရွာကြား မိုးကောင်းချောင်းတဝိုက် စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးချိန် စစ်ကောင်စီတပ်က ဝါရာဇွပ်ကျေးရွာဘက် လက်နက်ကြီးများ ပစ်ခတ်လိုက်တာကြောင့် ဦးဖောင်ယူးတောင် သမီး ခေါန်ထွယ်ရဲ့ လက်တွင် လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူများကို ဖုန်းစစ်ဆေးတာတွေ ပေါ်တာဆွဲတာတွေကို လုပ်ဆောင်နေပြီး ကျေးရွာအတွင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လိုက်မှုကြောင့် ဝါရာဇွပ်ဒေသခံများက ဘုရားကျောင်းဝင်းထဲ တိမ်းရှောင်နေကြရပါတယ်။