တနိုင်း-လီဒိုလမ်းပေါ်ရှိ ဒွန်ဘန်ကျေးရွာနဲ့ လွယ်လီယန်ခ ကြားတွင် ကေအိုင်အေ တပ်မဟာ (၂) တပ်ရင်း (၁၁) အဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား ယနေ့နေ့လည် ၁၁ နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်မှ ကေအိုင်အေနယ်မြေဘက်ကို ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေပြလုပ်လာတာကြောင့် ကေအိုင်အေဘက်မှ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးပြောပါတယ်။
“လက်ရှိအခြေအနေမှာ အခုရောက်လာတဲ့စစ်သားတွေက စစ်ရေးလှုပ်ရှားတာတော့ သိပ်မတွေ့ရသေးဘူး။ ကြားသိရသလောက်တော့ တနိုင်းဘက်ကနေ အာဏာသိမ်းစစ်တပ်အဖွဲ့ ဆင်းလာတဲ့အချိန် ကေအိုင်အေဘက်က စောင့်ကြည့်နေတာနဲ့ ကွက်တိဖြစ်နေတော့ တိုက်ပွဲဖြစ်ပြီလေ” လို့ ဒေသခံတစ်ဦးပြောပါတယ်။
မတ်လ ၃၁ ရက်နေ့မှာလည်း ကေအိုင်အေ တပ်မဟာ (၁) တပ်ရင်း (၇) နယ်မြေဖြစ်တဲ့ ပူတာအိုခရိုင် ဆွမ်ပီယန်ကျေးရွာနဲ့ ရှိန်ကပ်ဘွမ်ကြားရှိ ဂါဂမ်ချောင်းတဝိုက် စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ် ခလရ (၁၃၈) နဲ့ ကေအိုင်အေကြား တိုက်ပွဲဖြစ်ပွားခဲ့ကာ ကေအိုင်အေ တပ်မဟာ (၈)ဒေသဖြစ်တဲ့ ကျောက်ကြီးမှာလည်း ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် မတ်လ ၃၁ ရက် မွန်းလွဲပိုင်း ၃ နာရီအချိန်ခန့်တွင် ကေအိုင်အေ တပ်မဟာ (၈) တပ်ရင်း (၅) နယ်မြေဘက်ကို ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အပြင် ကေအိုင်အိုဌာနချုပ်နယ်မြေ ရှန်ခေါင်ဘွမ်နဲ့ အင်ခရမ်ဘွန်တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် ခလရ (၅၆) မှ ၈၁-မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွေဆက်တိုက်လုပ်ဆောင်ခဲ့ကာ မဂျီဂွန်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတက်မှလည်း လော့ခွမ်းနဲ့ ဂတ်ရောင်တဝိုက် ၁၀၅-မမ ဖြင့် ၂ ကြိမ်တိုက်ပစ်ခတ်ခဲ့ပါတယ်။
ယခုလို ကေအိုင်အေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေက ပိုမိုဖြစ်ပွားလာတာကိုတွေ့ရသလို အချို့ဒေသတွေမှာတော့ ဒေသခံများထွက်ပြေးတိမ်းရှောင်ရတဲ့အထိ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုတွေရှိနေသလို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူများကို အာဏာသိမ်းစစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းသတ်ဖြတ်မှုလုပ်ဆောင်ပြီးနောက်ပိုင်း တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။