လီဒိုလမ်းတစ်လျှောက် စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီအဖွဲ့ကို ကေအိုင်အေ ကြားဖြတ်တိုက်ခိုက်

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) တပ်ရင်း ၁၁ အခြေစိုက်တဲ့ မိုးကောင်းမြို့နယ် နမ္မတီးမြို့နဲ့ လဝါးကျေးရွာကြား မရန်ကထောင်ကျေးရွာအနီးတွင် စက်တင်ဘာ ၂၃ ရက် ယနေ့ နေ့လည် ၁၁ နာရီခန့်တွင် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကေအိုင်အေ တပ်ရင်း ၁၁ မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

မရန်ကထောင်ဘက် စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီ စစ်ကြောင်းက မိုးကောင်း စ.က.ခ ၃ မှ စစ်ယာဉ်တန်းဖြင့် ၈ မိုင်လမ်းအတိုင်း ထွက်ခွာလာစဉ် မရန်ကထောင်တွင် ရပ်နားက ခြေလျင်ဖြင့် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာရာတွင် ကေအိုင်အေဘက်မှ စောင့်ကြို ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

ကေအိုင်အေမှ ကြားဖြတ်တိုက်ခိုက်စဉ် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးဝန်းကျင်ဘက် လက်နက်ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေခဲ့ကာ ညနေ ၂ နာရီခန့်အထိ ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်များကို မရန်ကထောင်ဂိတ်တွင် စစ်ဆေးမှုပြုလုပ်နေခဲ့ပါတယ်။

လီဒိုလမ်းမတစ်လျှောက် အာဏာသိမ်းစစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာကြောင့် ကေအိုင်အေတပ်ဖွဲ့နဲ့ မကြာခဏ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိခဲ့ပါတယ်။

Leave a Reply

*