လိုင်ဇာမြို့ သီးသန့်ပါတီကော်မတီ ဦးဆောင်ပြီး မြို့လူငယ်ကော်မတီ၊ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့ လူငယ်ကော်မတိတို့ တွေ့ဆုံဆွေးနွေးခြင်းကို ဇန်နဝါရီ ၂၃ ရက်နေ့က လိုင်ဇာမြို့ရှိမနောကွင်းတွင် တွေ့ဆုံခဲ့ပါတယ်။

အခမ်းအနားတွင် လိုင်ဇာမြို့အုပ်ချုပ်ရေးမှူး ဝါလာဂွမ်ဂျာမှ အဖွင့်စကားပြောဆိုကာ အထွေထွေအုပ်ချုပ်ရေးဌာန တာဝန်ခံ လဗျတန်ဂွမ်းအနေဖြင့်လည်း ကြိုဆိုနှုတ်ခွန်းဆက်ခဲ့သလို ပတ်ဂျီဆန်လူငယ်ကော်မတီအနေဖြင့် မူးယစ်ဆေးဝါးနဲ့သက်ဆိုင်တဲ့ ပညာပေးပြဇတ်ကိုလည်း ပြသခဲ့ပါတယ်။
အထွေထွေအုပ်ချုပ်ရေးဌာန တာဝန်ခံက မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့ စတင်ဖွဲ့စည်းခဲ့ခြင်းရဲ့ သမိုင်းကြောင်းကို ပြောဆိုရှင်းပြခဲ့သလို ပတ်ဂျီဆန့်စီမံချက်ကို ဘာ့ကြောင့်လုပ်ဆောင်ရခြင်းအကြောင်းအရာများ၊ တော်လှန်ရေးကာလတွင် မူးယစ်ဆေးဝါးနှိမ်နှင်းရေးက ဘယ်လောက်အထိအရေးကြီးပြီး ဘာသာရေးမခွဲခြားပဲ အတူတကွလုပ်ဆောင်သွားကြရမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
“ဒီကျတော်တို့ရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းရေး လူငယ်ကော်မတီဖွဲ့ခြင်းရဲ့ အကြောင်းရင်းက လာမည့်ကာလတွေထဲမှာ တိုးတက်လာတော့မည့် ကျတော်တို့လူငယ်တွေ မူးယစ်ဆေးဝါးဒုက္ခကနေ လွတ်မြောက်ရမယ်၊ မူယစ်ဆေးဝါးနှိမ်နှင်းတဲ့လူငယ်၊ ပတ်ဂျီဆန်လုပ်ငန်းကို စိတ်အားထက်တန်စွာဖြင့်ပါဝင်တဲ့လူငယ်တွေဖြစ်ကြဖို့ အမြင်ကျယ်တဲ့လူငယ်တွေဖြစ်ကြဖို့စတဲ့ ကျယ်ပြန့်တဲ့ရည်ရွယ်ချက်များဖြင့် စီမံဆောင်ရွက်ခြင်းဖြစ်ပါတယ်” လို့ လိုင်ဇာမြို့အုပ်ချုပ်ရေးမှူး ဝါလာဂွမ်ဂျာကပြောပါတယ်။
လိုင်ဇာမြို့ ပတ်ဂျီဆန်လူငယ်ကော်မတီကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ယခုအကြိမ်က ပထမဦးဆုံးတွေ့ဆုံဆွေးနွေးခြင်းဖြစ်ကာ ယခင်အချိန်တွေတုန်းကလည်း လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ငန်းများတွင် ပါဝင်ခြင်း အသိပညာပေးလုပ်ဆောင်ခြင်းများလုပ်ဆောင်ခဲ့ကြသလို တစ်နှစ်အတွင်းအကောင်အထည်ဖော်လုပ်ဆောင်မည့်အရာများကိုလည်း စီစဉ်ရေးဆွဲထားပြီးဖြစ်ပါတယ်။